မြန်မာ- ရုရှား စစ်ဘက်ရေးရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

မြန်မာ- ရုရှား စစ်ဘက်ရေးရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ။         ။ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ နှစ်နိုင်ငံအကြား စစ်ဘက်ရေးရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက် သွားမည်ဟု ရုရှားတပ်မတော် ကာကွယ်ရေး ဝန်ကြီး General Sergey K.SHOIGU ကပြောဆိုလိုက်သည်။

ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်နေ့က နေပြည်တော်၌ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားတပ်မတော် ကာကွယ်ရေး ဝန်ကြီး General Sergey K.SHOIGU တို့ တွေ့ဆုံဆွေးနွေးစဉ် ရုရှားကာကွယ်ရေးဝန်ကြီးက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

“ ကျနော်တို့ ရုရှား-မြန်မာနှစ်နိုင်ငံအကြား ဖြစ်နိုင်ခြေအလားအလာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။ဒါဟာ ၂၀၁၆ခုနှစ်တုန်းက ဆွေးနွေးခဲ့တဲ့ စစ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးသဘောတူညီမှုကို ပို အားကောင်းအောင် လုပ်တဲ့သဘောပါပဲ။ရုရှားစစ်သင်္ဘေတွေ မြန်မာနိုင်ငံလာဖို့ကိုလည်း ကျနော်တို့အလေးထားဆွေးနွေးခဲ့ပါတယ်။မြန်မာစစ်သင်္ဘေတွေ ရုရှားလာဖို့လည်း မျှော်လင့်ပါတယ်” ဟု ရုရှားတပ်မတော် ကာကွယ်ရေး ဝန်ကြီးက ပြောကြားကြောင်း ရုရှားစစ်ဘက်ဌာနက သတင်းထုတ်ပြန်ထားသည်။

နှစ်နိုင်ငံတပ်မတော်အကြား စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ၊ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးဖြစ်ခဲ့သည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ယင်းနောက် ရုရှားနှင့် မြန်မာ့တပ်မတော် အကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနားပြုလုပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားတပ်မတော် ကာကွယ်ရေး ဝန်ကြီး General Sergey K.SHOIGU တို့မှ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် ပတ်သက်ပြီး အမေရိကန်အပါအဝင် ဥရောပနိုင်ငံကြီးများမှ တပ်မတော်အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော်လည်း ရုရှားနိုင်ငံနှင့် ဆက်ဆံရေးမှာ ပိုမိုတိုးတက်လာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required