အမေရိကန် မပါသည့် အီရန်နျူကလီးယား သဘောတူညီမှုက စိတ်မချရဟု ရုရှပြော

အမေရိကန် မပါသည့် အီရန်နျူကလီးယား သဘောတူညီမှုက စိတ်မချရဟု ရုရှပြော

 

မော်စကို၊ ဇန်နဝါရီ ၂၀ ။           ။ အီရန်နျူကလီးယားသဘောတူညီမှုမှ အမေရိကန်ကို နုတ်ထွက်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်မည်ဆိုလျှင် အဆိုပါ သဘောတူညီချက်မှာ အသက်ဝင်ရန် မဖြစ်နိုင်ကြောင်း ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ဇန်နဝါရီ ၁၉ ရက်တွင် ပြောသည်။

“သဘောတူညီချက်မှာ ပါဝင်ထားတဲ့ တစ်နိုင်ငံက တစ်ဖက်သတ်နုတ်ထွက်မယ်ဆိုရင် ဒီသဘောတူညီမှုဟာ ထမြောက်လာနိုင်မှာ မဟုတ်တော့ဘူး။”ဟု ကုလသမဂ္ဂတွင် သတင်းစာရှင်းလင်းရာ လက်ဗ်ရော့ဗ်က ပြောခဲ့သည်။

“ဒါဟာ ပျက်ပြယ်သွားရလိမ့်မယ်။ ညှိနှိုင်းဖော်ဆောင်မှုတွေ ရှိလာမှာ မဟုတ်ဘူး။ ဒီလို ဖြစ်လာမှာပဲဆိုတာကိုလည်း အားလုံးနားလည်ထားပြီး ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။”ဟု ၎င်းက ပြောသည်။
အီရန်က နျူကလီးယားစီမံကိန်းကို လျှော့ချပြီး ၎င်းအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရေးကို ပြန်လည်ရယူရန် ရည်ရွယ်ကာ ၂၀၁၅ ခုနှစ်က သမိုင်းဝင် နျူကလီးယား သဘောတူညီမှုကို ရုရှနှင့် အမေရိကန်အပါအဝင် အင်အားကြီး ခြောက်နိုင်ငံက လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။

အမေရိကန်ကသာ ၎င်းသဘောတူညီမှုမှ နုတ်ထွက်သွားလျှင် ကျန်ငါးနိုင်ငံဖြင့် အသက်ဝင်ရေးကို ရုရှနိုင်ငံအနေဖြင့် ကြိုးစားမည်မဟုတ်ခြင်းက ရှင်းလင်းသေချာကြောင်းလည်း လက်ဗ်ရော့ဗ်က ပြောခဲ့သည်။

အမေရိကန်ကို နားချသွားရေးကို ရုရှနိုင်ငံက အရာရာအားထုတ်လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းသဘောတူညီချက်မှာ နိဂုံးမချုပ်သေးကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags