သတင်းဝက်ဘ်ဆိုက် အပိတ်ခံရအောင် အစိုးရက ဖိအားပေးနေခြင်းကြောင့် ဖိလစ်ပိုင်ဂျာနယ်လစ်များ ဆန္ဒပြ

သတင်းဝက်ဘ်ဆိုက် အပိတ်ခံရအောင် အစိုးရက ဖိအားပေးနေခြင်းကြောင့် ဖိလစ်ပိုင်ဂျာနယ်လစ်များ ဆန္ဒပြ

 

မနီလာ၊ ဇန်နဝါရီ ၂၀ ။                       ။ ဖိလစ်ပိုင်နိုင်ငံတွင် အစိုးရ၏ ဖိအားဖြင့် အပိတ်ခံရမည့်ဘေး ကြုံတွေ့နေသော သတင်းဝက်ဘ်ဆိုက်ဖက်မှ ရပ်တည်ကာ ဇန်နဝါရီ ၁၉ ရက်တွင် လမ်းများပေါ် ဂျာနယ်လစ်သမားများက ဆန္ဒပြပြီး သမ္မတ ဒူတာတေးက မီဒီယာလွတ်လပ်ခွင့်ကို ချိုးနှိမ်ပစ်နေသည်ဟု စွပ်စွဲပြောဆိုကြသည်။

Rappler သတင်းဝက်ဘ်ဆိုက်၏ မှတ်ပုံတင်လုပ်ကိုင်ခွင့်ကို အစိုးရက ယခုသီတင်းပတ်က ပြန်လည်ရုပ်သိမ်းခဲ့ပြီး အယ်ဒီတာချုပ်ဖြစ်သူအားလည်း ဆိုင်ဘာအသရေဖျက်မှုဖြင့် မေးမြန်းရန် ဆင့်ခေါ်ထားသည်။

ဒူတာတေး၏ မူးယစ်တိုက်ဖျက်ရေး စစ်ပွဲကို ဝေဖန်ရေးသားမှုများကြောင့် တုံ့ပြန်လာခြင်း ဖြစ်သည်ဟု မီဒီယာစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

မြောက်ပိုင်းမနီလာတွင် အများစုမှာ အမည်းရောင် အဝတ်အစားများ ဝတ်ဆင်ထားကြသော ဂျာနယ်လစ်သမားများနှင့် တက်ကြွလှုပ်ရှားသူ ၂၀၀ နီးပါးက ညနေစောင်းအချိန်တွင် စုရုံးကာ ဆန္ဒပြကြပြီး အဆိုပါ ဝက်ဘ်ဆိုက်အား ဖိအားပေး ပိတ်အောင် လုပ်လာခြင်းသည် ဒူတာတေးက ၎င်း၏ မူးယစ်စစ်ပွဲအား ဆန့်ကျင်ဖက်ပြုသူများကို နောက်ဆုံးနှိပ်ကွပ်မှုတစ်ရပ်အဖြစ် ဝေဖန်ပြောဆိုကြသည်။

“ဒူတာတေး အာဏာရှင်ဆန်မှုအား တိုက်ဖျက်ကြ”၊ “မီဒီယာ လွတ်လပ်ခွင့်အတွက် ကာကွယ်ကြ” စသော စာတမ်းများကိုလည်း ဆန္ဒပြသူများက ကိုင်ဆောင်ထားကြသည်။

ယခု ဆန္ဒပြသမှုကပင် လွတ်လပ်မှုက အသက်ဝင်နေပြီး ဖိလစ်ပိုင်၏ ဒီမိုကရေစီ ရှင်သန်နေမှုကို ပြသနေခြင်းပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ရပ်တွင် ဒူတာတေး၏ ပြောရေးဆိုခွင့်ရှိသူ ဟာရီရို့က ပြောခဲ့သည်။ ၂၀၁၂ ခုနှစ်က တည်ထောင်သော Rappler သတင်းဝက်ဘ်ဆိုက်သည် ဒူတာတေး၏ မူးယစ်စစ်ပွဲကို ဝေဖန်သည့် ဖိလစ်ပိုင်အခြေစိုက် သတင်းမီဒီယာများမှ လက်တစ်ဆုပ်စာ အုပ်စုတွင် ပါဝင်သည့် သတင်းဌာနတစ်ခုဖြစ်သည်။ အဆိုပါ မူးယစ်စစ်ပွဲအတွင်း သံသယရှိသူ ၄၀၀ နီးပါး သေဆုံးသည်ဟု ဒူတာတေး အစိုးရက ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly