ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြန်လည်ပြုလုပ်ပေးရန် မန္တလေးတွင် ဆန္ဒပြ

ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြန်လည်ပြုလုပ်ပေးရန် မန္တလေးတွင် ဆန္ဒပြ
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

 

မန္တလေး၊ဇန်နဝါရီ ၂၀ ။            ။ မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း ပြုလုပ်ရာ၌ မဲမသမာမှုများရှိနေခြင်းကြောင့် အုပ်ချုပ်ရေးမှူးရွေးပွဲ ပြန်လည်ပြုလုပ်ပေးရန်အတွက် ဇန်နဝါရီလ ၂၀ ရက် မွန်းလွဲ ၁ နာရီက ရပ်ကွက်နေပြည်သူ ၁၀၀ကျော်က ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆန္ဒပြသူများသည် ၅၈လမ်း၊၃၉လမ်းထောင့်မှစတင်၍ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းအထိ မရိုးသားသော ကြီးကြပ်ရေးမှူး ၅ ဦး အလိုမရှိ၊မဲမသမာမှုဖော်ထုတ်ရေး တို့အရေး၊အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ သမာသမတ်ကျရေး တို့အရေး၊အုပ်ချုပ်ရေးမှူး ရွေးပွဲ ပြန်ကျင်းပပေး၊ပြည်သူ့ဆန္ဒဖော်ဆောင်ရေး အလေးထား ဆောင်ရွက်ပေးဟူ၍ ကြွေးကြော်ချီတက်ခဲ့ကြသည်။

ငါးဦးကော်မတီအနေဖြင့် ဆယ်အိမ်စုများ စုဖွဲ့ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊မဲပေးမှုများတွင် မသမာမှု ရှိခြင်းတို့ကြောင့် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို ပြန်လည်ပြုလုပ်ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဆန္ဒပြသူများက ဆိုသည်။

"ဒီကိစ္စကို မြို့နယ်ထွေအုပ်ကို တိုင်တယ်။ ဘာမှဖြေရှင်းပေးတာမရှိဘူး။ဒါကြောင့် ထိထိရောက်ရာက် ဖြေရှင်းပေးဖို့နဲ့ပြန်လည်ရွေးပေးဖို့ ဆန္ဒပြတယ်။"ဟု ဆန္ဒပြပွဲ ဦးဆောင်သူများထဲမှတစ်ဦးဖြစ်သူ ဦးကိုကိုကပြောသည်။

အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်က ပြုလုပ်ခဲ့ပြီး ၎င်းရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ရပ်/ကျေး အလုပ်အမှုဆောင် ဦးအုန်းကျော်က အနိုင်ရရှိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly