အကြမ်းဖက်မှုများ ထပ်မဖြစ်စေရန် အကောင်းဆုံးပြင်ဆင်ထားဟု ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူပြော

အကြမ်းဖက်မှုများ ထပ်မဖြစ်စေရန် အကောင်းဆုံးပြင်ဆင်ထားဟု ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူပြော
စစ်တွေမြို့တွင်း တစ်နေရာ။ ဓာတ်ပုံ - အေးချမ်းခိုင်
 

 

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ။          ။ မြောက်ဦးဖြစ်စဉ်ဖြစ်ပွားပြီးသည့်နောက် ရခိုင်အဖွဲ့ (AA) အပြင် ARSA အကြမ်းဖက်အဖွဲ့၏ ရန်များလည်း ရှိနေသည့်အတွက်ကြောင့် ရခိုင်ပြည်နယ်အစိုးရအနေဖြင့်   ပြည်နယ်လုံခြုံရေးကို အကောင်းဆုံး ပြင်ဆင်ထား ကြောင်း ရခိုင်ပြည် နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဗုံးခွဲတိုက်ခိုက်မည်ဆိုသည့် သတင်းဖြစ်ပေါ်နေသည်နှင့် ပတ်သက်ပြီး မဇ္ဈိမမှ ရခိုင်ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေထံ ဇန်နဝါရီ ၂၀ ရက်ညနေပိုင်း ဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ်ပြောခဲ့ခြင်း ဖြစ်သည်။

 “ လက်ရှိအခြေအနေအေးအေးချမ်းချမ်းပါပဲ။ ဗုံးခွဲတာတွေ ဘာတွေကတော့ လုပ်မှာပဲ သူတို့ကတော့။ လုပ်ချင်တဲ့အချိန်မှာ လုပ်ချင်တဲ့နေရာမှာ လုပ်မှာပဲ။ အကြမ်းဖက်တဲ့အဖွဲ့ဖြစ်တဲ့အတွက် ဒါကတော့ ပြောလို့မရဘူး။ ပြင်ဆင်စရာရှိတာတော့ အကုန်လုံးက အကောင်းဆုံးပြင်ဆင်ထားဖို့ပါပဲ ” ဟု ဦးတင်မောင်ဆွေက ဆိုသည်။

မြောက်ဦးမြို့တွင်ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး AA အဖွဲ့မှ လက်တုန့်ပြန်သွားမည်ဟု ထုတ်ပြန်ထားသည့် အပြင် ARSA အဖွဲ့ကလည်း  ယင်းတို့ အသုံးပြုနေသည့် Twitter စာမျက်နှာမှတစ်ဆင့်  ဇန်နဝါရီလ ၇ ရက်နေ့ တွင် တိုက်ခိုက်မှုများကို ပြန်လည်ပြုလုပ်သွားမည်ဟု ပြောဆိုထားသည်။

အဆိုပါကိစ္စများနှင့်ပက်သက်၍  ရခိုင်ပြည် နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက “ အကြမ်းဖက် သမားကတော့ သွားပြောလို့မရဘူး။ AA အဖွဲ့ကတောက်လျောက်မိုင်းခွဲနေတာ။ ARSA  ဘင်္ဂါလီအကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ကလည်း တောက်လျောက်လုပ်နေတယ်။ ကျွန်တော်တို့က ပြန်လည်လက်ခံရေးကိစ္စတွေ ဆောင်ရွက်နေတဲ့အချိန်မှာလည်း ဒီအကြမ်းဖက်တာတွေ၊ မိုင်းခွဲတာတွေ၊ လူသတ်တာတွေက နေ့စဉ်နဲ့အမျှ လုပ်နေတာ ဒီသတင်းကတော့ ကျွန်တော်တို့အတွက်တော့မဆန်းပါဘူး ” ဟုဆိုသည်။

အလားတူ စစ်တွေမြို့တွင် ဗုံးခွဲတိုက်ခိုက်မည်ဆိုသည့် သတင်းဖြစ်ပေါ်နေသဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန်အတွက် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးထံ ဆက်သွယ်သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း တပြန်ကျော့ပြန် တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်တော့မည်ဟု ARSA က ကြေညာချက် ထုတ်ပြီးနောက်ပိုင်း လုံခြုံရေးအင်အားကို လိုအပ်သလို တိုးမြှင့်သွားမည်ဟု မြန်မာအစိုးရဘက်မှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၈ ရက်တွင် ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required