ရှားပါး တောရိုင်းတိရိစ္ဆာန် မှောင်ခိုဂိုဏ်းခေါင်းဆောင်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိ

ရှားပါး တောရိုင်းတိရိစ္ဆာန် မှောင်ခိုဂိုဏ်းခေါင်းဆောင်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိ

 

ဇန်နဝါရီ ၂၀ ။           ။ အာရှဒေသအတွင်း အကြီးဆုံးသော တရားမဝင် တောရိုင်းတိရိစ္ဆာန် မှောင်ခိုဂိုဏ်းကြီးတစ်ခုရဲ့ ခေါင်းဆောင်လို့ ယူဆရသူ အမျိုးသားတစ်ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်နိုင်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံသား ခံယူထားတဲ့ ဗီယက်နမ်နွယ်ဖွား အသက် ၄၀ အရွယ် ဘွန်ချိုင်း ဘက်ချ် ဆိုသူ အမျိုးသားကို လာအိုနယ်စပ် မြို့တစ်မြို့မှာ ထိုင်းရဲတွေက ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

၎င်းကိုတော့ ခန့်မှန်းတန်ကြေး ဒေါ်လာ ၁ သန်းလောက် ရှိတဲ့ ကြံ့ချိုတွေကို အာဖရိကကနေ ထိုင်းနိုင်ငံဆီ မှောင်ခိုကူးမှုနဲ့ပတ်သက်ပြီး ယမန်နေ့က ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။

ယခု ဖမ်းမိတဲ့ အမျိုးသားဟာ ဆယ်စုနှစ်တစ်စုကြာ လှုပ်ရှားနေတဲ့ အာရှ တောရိုင်းတိရိစ္ဆာန် မှောင်ခိုဂိုဏ်းကြီးတစ်ခုရဲ့ ဂိုဏ်းခေါင်းဆောင် ဖြစ်တယ်လို့ ယုံကြည်ရတယ်ဆိုပြီး ထိုင်းရဲတွေက ပြောပါတယ်။

၎င်းဟာတော့ ကြံ့ချိုနဲ့ ဆင်စွယ်လိုမျိုး တားမြစ်ခံထားရတဲ့ တိရိစ္ဆာန် အစိတ်အပိုင်းတွေ မှောင်ခိုကူးမှုနဲ့ အများဆုံး ထောင်လေးနှစ် ကျခံရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

၎င်းမတိုင်ခင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်တုန်းကလည်း ထိုင်းအမျိုးသား ပန်းဥယျာဉ်များနဲ့ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး ဌာနတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ နစ်ခွန် ဝေါင်ပရာချန် ဆိုသူကလည်း တရားမဝင် ကြံ့ချို ကုန်ကူးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားခဲ့ရပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly