အရက်ဝယ်ယူသောက်သုံးခွင့် ပြန်လည်ပိတ်ပင်လာခြင်းကို သီရိလင်္ကာအမျိုးသမီးများ အပြင်းအထန် ကန့်ကွက်

အရက်ဝယ်ယူသောက်သုံးခွင့် ပြန်လည်ပိတ်ပင်လာခြင်းကို သီရိလင်္ကာအမျိုးသမီးများ အပြင်းအထန် ကန့်ကွက်

 

ကိုလံဘို၊ ဇန်နဝါရီ ၂၀ ။             ။ အမျိုးသမီးများအား အရက်ရောင်းချခြင်းကို တားမြစ်ပိတ်ပင်မှုအား မကြာသေးမီက သီရိလင်္ကာအစိုးရက ပြန်လည်ပြဌာန်းလာခဲ့သော်လည်း ဇန်နဝါရီ ၁၉ ရက်အထိ အများစုမှာ ပုံမှန်အတိုင်း အရက်ဝယ်ယူ သောက်သုံးနိုင်မြဲ ဖြစ်သည်။

အိန္ဒိယတိုက်ငယ် အရှေ့တောင်ဖက် အစွန်ဖျားက ကျွန်းနိုင်ငံဖြစ်သော သီရိလင်္ကာတွင် အမျိုးသမီးထုအတွက် စိတ်ဆိုးဒေါသထွက်စရာဖြစ်စေပြီး အစိုးရ၏ လိင်တန်းတူ ညီမျှဆက်ဆံရေး မူဝါဒနှင့် ပတ်သက်ပြီး ခုတစ်မျိုး တော်ကြာတစ်မျိုး ကျင့်သုံးနေသည်ဆိုကာ သဘောကွဲလွဲမှုများ ဖြစ်ပေါ်စေပြီးနောက် ယခု ပြန်လည်တားမြစ်မိန့်ကို ပြဌာန်းလာသည်မှာ သီတင်းတစ်ပတ်မျှသာ ရှိသေးသည်။

“တကယ်ကို အလွယ်ကလေးပါ။”ဟု အလုပ်မှအပြန် စူပါမားကတ်တွင် အရက်ဝင်ဝယ်လာသည့် အမျိုးသမီးတစ်ဦးက အီးပီအေသတင်းဌာနသို့ ပြောသည်။ အာဏာပိုင်များ မှတ်မိသွားမည် စိုးသဖြင့် ၎င်းက အမည်မှန်တော့ ထုတ်ဖော်ပြောခြင်း မရှိပေ။

နိုင်ငံအတွင်း အမျိုးသမီးများကို အရက်ရောင်းချခွင့် ပိတ်ပင်ထားမှုကို ၁၉၇၉ ခုနှစ်က စတင်ဥပဒေပြဌာန်းလာခြင်း ဖြစ်သော်လည်း တကယ် ကျင့်သုံးခြင်းမရှိသည့် ဥပဒေအဖြစ်သို့ တစ်ဖြည်းဖြည်း ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထိုကြောင့် အမျိုးသမီးများအား အရက်ရောင်းချခွင့် မရှိကြောင်း တားမြစ်ထားခြင်းကို ပြည်သူအများစုက မသိကြတော့ဘဲ ရှိနေရာ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ မင်္ဂလာဆာမာရာဝီးရာက ဥပဒေကို ပြန်လည်အသက်သွင်းရန် စတင်ဆုံးဖြတ်လာရာမှာ ပြည်သူ အများအပြား တအံ့တသြ ဖြစ်သွားခဲ့ရသည်။

သို့သော်လည်း သမ္မတ မိတ်သရီပါလာသီရီဆီနာက ထိုတားမြစ်မိန့်ကို ပြန်လည်ပြဌာန်းလာခဲ့ရာမှ အများပြည်သူမှာ အံ့သြခဲ့ရပြီး အမျိုးသမီးများကလည်း ခွဲခြားဆက်ဆံမှု၊ ဖွဲ့စည်းပုံနှင့် မညီညွတ်မှုအဖြစ် တရားရုံးချုပ်သို့ အရေးဆိုခြင်းများ ရှိလာခဲ့တော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required