နီပေါ အမျိုးသမီးတောင်တက်လမ်းပြတစ်ဦး ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရရှိ

နီပေါ အမျိုးသမီးတောင်တက်လမ်းပြတစ်ဦး ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရရှိ

 

ဇန်နဝါရီ ၂၀ ။                   ။ အသက် ၂၇ နှစ်အရွယ် နီပေါနိုင်ငံသူ ဒါဝါ ယန်ဇွမ်တစ်ယောက် တောင်တက်လမ်းပြအလုပ်ကို စလုပ်ခါစတုန်းကဆိုရင် ဒီအလုပ်က မိန်းကလေးတွေနဲ့ သင့်တော်တဲ့အလုပ်မဟုတ်ဘူးဆိုပြီး အများရဲ့ ဝိုင်းဝန်းတားမြစ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ဒါဝါဟာ သူမအပေါ် သံသယရှိသူတွေရဲ့ အမြင် လုံ့ဝမှားကြောင်း သက်သေပြလိုက်နိုင်ပြီ ဖြစ်ပါတယ်။

ခုဆိုရင်  ဒါဝါဟာ ဂုဏ်သိက္ခာကြီးမားတဲ့ နိုင်ငံတကာ တောင်တက်လမ်းပြ အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့တဲ့ ပထမဆုံးသော နီပေါအမျိုးသမီး ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကပဲ ဒါဝါဟာ ဆွစ်ဇာလန်အခြေစိုက် နိုင်ငံတကာ တောင်တက်လမ်းပြအဖွဲ့က စစ်ဆေးတဲ့ ခက်ခဲလှတဲ့အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုအောင်မြင်လိုက်နိုင်တာဖြစ်ပါတယ်။

ယင်း တောင်တက်လမ်းပြဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ကိုတော့ တောင်တက်ခြင်းဆိုင်ရာ ပါရဂူဘွဲ့လို့တောင် တင်စားလို့ ရနိုင်တယ်လို့လည်း သိရပါတယ်။

ဂုဏ်သိက္ခာကြီးမားတဲ့ အဆိုပါ အသိအမှတ်ပြုလက်မှတ်ရထားသူဦးရေဟာ တစ်ကမ္ဘာလုံးမှာ ၆,၀၀၀ ဝန်းကျင်ပဲ ရှိပြီး နီပေါနိုင်ငံမှာတောင် ယင်းလက်မှတ်ရ အမျိုးသား တောင်တက်လမ်းပြ အယောက် ၅၀ ပဲ ရှိသေးတာဖြစ်ပါတယ်။

ကမ္ဘာ့အမြင့်ဆုံးတောင် ရှစ်လုံးအထိ ရှိနေတဲ့ နီပေါမှာတော့ ယင်း တောင်တက်လမ်းပြ အလုပ်ဆိုတာက ပုံမှန်အားဖြင့်တော့ အမျိုးသားတွေ လုပ်ကိုင်ကြတာများပေမယ့် ယခုလို ဒါဝါ လို ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ဦးက အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး လုပ်ကိုင်နိုင်တာကတော့ အထူးပင် ချီးမြှောက်ရမှာဖြစ်ပါတယ်။

" ဒါက အရမ်းကို စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အလုပ်လေ၊ မိန်းကလေးတစ်ယောက်အတွက် ပိုလ့ိုတောင် ခက်ပါသေးတယ်၊ ဒီမှာဆိုရင်လည်း ဒီအလုပ်က မိန်းမတွေ လုပ်လို့ ရတဲ့ အလုပ်မဟုတ်ဘူးလို့ ပြောတဲ့သူ အများကြီးပါ၊ ဒါဆိုရင် ကျွန်မတို့က အလုပ် မလုပ်ရတော့ဘူးလား၊ ဒါမှမဟုတ် ကျွန်မတို့မှာ သားသမီးတွေ ရလာတဲ့အခါကျရင် ဘာလုပ်စားရမှာလဲလို့ ပြန်မေးလိုက်ချင်ပါတယ်" ဆိုပြီး ဒါဝါက ပြောသွားခဲ့ပါတယ်။

ဒါဝါ ဟာဆိုရင် သူမ အသက် ၁၇ နှစ်အရွယ်ကတည်းက ယခုလို ခရီးသွားတွေ တောင်တက်တဲ့အခါမှာ လိုက်ပြီးလမ်းပြပေးတဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ အလုပ်ကို လုပ်ကိုင်နေခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required