သဘာဝ ဘေးဥပါဒ်အန္တရယ် ကူညီကယ်ဆယ်ရေးသည် ပထမ၊ လူကြီးအပြောင်းအလဲသည် ဒုတိယ

သဘာဝ ဘေးဥပါဒ်အန္တရယ် ကူညီကယ်ဆယ်ရေးသည် ပထမ၊ လူကြီးအပြောင်းအလဲသည် ဒုတိယ

လွန်ခဲ့သော ဆယ်ရက်လောက်ကတည်းက အာဏာရပါတီကြီးရဲ့ခေါင်းဆောင်ပိုင်း အပြောင်း အလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလမှာ ဒီမိုကရေစီ နည်းလမ်းအရ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပြုလုပ်တာ မဟုတ်လို့ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့လည်း ဝေဖန်တဲ့သူတွေက ဝေဖန်ကြပါတယ်။ အထူးသဖြင့် ဒီမိုကရေစီကို ဦးဆောင်ပြီး ဖော်ဆောင်နေ ပါတယ်ဆိုတဲ့ အာဏာရပါတီကြီးတစ်ခုရဲ့ အခုလိုဆောင်ရွက်ချက်ဟာ တိုင်းပြည်ရဲ့ စိတ်ပူပန်နေမှုကို ပိုပြီး မြင့်တက်စေတယ်လို့လည်း ယူဆကြပါတယ်။

မိမိတို့ပြည်သူတွေဟာ တိုင်းပြည်ကို စီမံအုပ်ချုပ်နေကြသူတွေရဲ့ အနေအထားကို အမြဲမပြတ် စောင့်ကြည့်လေ့လာ ဝေဖန်သုံးသပ်နေကြရမှာကတော့ မလွဲမသွေ လုပ်ကြရမယ့် ကိစ္စကြီး ဖြစ်ပါတယ်။ ဘယ်တာဝန်ရှိသူက ဘယ်လိုပြောတယ်၊ ဘယ်တာဝန်ရှိသူက ဘယ်လိုအယူအဆရှိတယ် အစရှိသဖြင့် အဲဒီတာဝန်ရှိသူတွေရဲ့ အတွေးအခေါ် ရပ်တည်ချက်နဲ့ နေရာထိုင်ခင်း အထားအသိုက အစ လေ့လာနေကြရမယ်ဆိုတာ ဘယ်သူမှ မငြင်းပယ်နိုင်ပါဘူး။

ဒါပေမယ့် စောဒကတက်စရာရှိတာက တိုင်းပြည်တာဝန်ရှိသူတွေရဲ့အပြုအမူ အလှုပ်အရှားကို စိတ်ဝင်တစား စောင့်ကြည့်ဝေဖန်နေကြရမယ်ဆိုတာ မှန်ပေမယ့် လက်ရှိအခြေအနေမှာ တစ်မျိုးသားလုံး နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ သဘာဝ ဘေးဥပါဒ်အန္တရယ် ကျရောက်နေတဲ့ ပြဿနာက အဲဒီတာဝန်ရှိသူတွေကို လေ့လာစောင့်ကြည့်ကြရမယ့် တာဝန်နဲ့နှိုင်းယှဉ်ရင် ပထမ ဦးစားပေးကြရမယ့် အလုပ်မဟုတ်ဘူးလို့ မြင်ပါတယ်။

သဘာဝ ဘေးဥပါဒ်ကျရောက်နေမှု ကိစ္စက လတ်တလောမှာတော့ တကယ့်ကို ဦးစားပေး ဖြေရှင်းကြရမယ့် ပထမဦးစားပေးရမယ့် အမျိုးသားရေး ပြဿနာကြီးလို့ပဲ မြင်ပါတယ်။ တာဝန်ရှိ လူကြီးတွေ အပြောင်းအလဲဖြစ်တဲ့ ကိစ္စနဲ့ နေရာထိုင်ခင်း အခင်းအကျင်းတွေ ပြင်ဆင်ကြတဲ့ ကိစ္စဟာ တစ်မျိုးသားလုံး ကြုံတွေ့နေရတဲ့ ရေဘေးပြဿနာကြီးနဲ့ နှိုင်းယှဉ်ရင် တာဝန်ရှိ လူကြီးတွေကိစ္စဟာ ဒုတိယဦးစားပေးပဲ ဖြစ်ပါတယ်။

အခုဆိုရင် လူဦးရေ ၁ ဒသမ ၅ သန်းကျော်ဟာ ရေဘေးဒုက္ခ ခံစားနေရပါပြီ။ လူ ၁၀၀ ကျော် သေဆုံးသွားကြရပါပြီ။ ကူညီကယ်ဆယ်ရေးကားတွေ တိမ်းမှောက်လို့ ကယ်ဆယ်ရေး အမျိုးသား ကောင်းတွေ သေကြေထိခိုက်ကြရတာမျိုးတွေလည်း ရှိလာနေပါပြီ။ အခုအချိန်အထိ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး ကူညီကယ်ဆယ်ရေးတွေ လက်လှမ်းမမီသေးတဲ့ ရေဘေးသင့် နေရာတွေ အများကြီး ရှိနေပါသေးတယ်။ ချင်းပြည်နယ် ဟားခါးတစ်ဝိုက်မှာဆိုရင် တံတားတွေကျိုး၊ လမ်းတွေပျက်၊ မြေကြီးတွေ ကွဲအက်လို့ ဟားခါးမြို့ရဲ့ရေရှည်ကံကြမ္မာဟာ မရေမရာ ဖြစ်နေရပါတယ်။
ရေဘေးကြီး ကျရောက်လာတာ ခုဆိုရင် ရက်ပေါင်း နှစ်ဆယ်ကျော် ရှိလာပါပြီ။ ရေတွေပြန်ကျ သွားပေမယ့် တခြားနောက်ဆက်တွဲ ပြဿနာတွေက မြင့်တက်လာနေပါပြီ။ စားနပ်ရိက္ခာ ပြဿနာ၊ ကျန်းမာရေး ပြဿနာနဲ့ လုံခြုံရေး ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို မိမိတို့ ပြည်သူများ ပထမဦး စားပေး ကူညီဖြေရှင်းကြစေချင်ပါတယ်။ ဒီအချိန်မှာတော့ မိမိတို့ ပြည်သူများ ပထမဦးစားပေး လုပ်ဆောင်သင့်တဲ့ အချက်ဟာ ဒုက္ခတွေ ပင်လယ်ဝေနေတဲ့ ဘဝတူသားချင်းများကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး ဝိုင်းဝန်း ကူညီကယ်ဆယ်ကြဖို့ ကိစ္စဖြစ်ပါတယ်။

မှန်ပါတယ်။ ကိုယ့် အုပ်ချုပ်မယ့်သူတွေရဲ့ အရိပ်တွေ အရောင်တွေ အသံတွေကို နားစွင့်နေကြ ရမှာ ဖြစ်တယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် မိမိတို့ ပြည်သူများဟာ ဒီအချိန်အခါမျိုးမှာတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ကြရင်း တိုင်းပြည်တာဝန်ရှိသူများကိုလည်း တစ်ဘက်က စောင့်ကြည့်လေ့လာနေဖို့ လိုအပ်ကြောင်း တင်ပြတိုက်တွန်း လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required