လက်ပံတောင်းစီမံကိန်း တိုင်ကြားစာပေးပို့ရန် ကြိုးပမ်းမှု တရုတ်သံရုံးရှေ့တွင် တားမြစ်ခံရ

လက်ပံတောင်းစီမံကိန်း တိုင်ကြားစာပေးပို့ရန် ကြိုးပမ်းမှု တရုတ်သံရုံးရှေ့တွင် တားမြစ်ခံရ
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန် ဇန်နဝါရီ ၁၉ ။            ။ လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင် ၏ အစီရင်ခံစာအပေါ် ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီတို့က လိုက်နာမှုမရှိကြောင်း တိုင် ကြားစာကို တရုတ်သံရုံးသို့ သွားရောက် ပို့ဆောင် ခဲ့သည့် ဒေါ်နော်အုန်းလှကို ရဲတပ်ဖွဲ့ဝင်များက တား မြစ်ခဲ့ပြီး စာလက်ခံခြင်းမရှိကြောင်း သိရသည်။

ဒေါ်နော်အုန်းလှသည် ယနေ့ ဇန်နဝါရီလ ၁၉ ရက် နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့မှ စတင်ပြီး၊ ကျောက် တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဒဂုံမြို့နယ်များကို ဖြတ်ကျော်၍ ကြွေးကြော်မှု များနှင့် ဗီနိုင်း၊ ပိုစတာများမကိုင် ဆောင်ဘဲ တရုတ်သံရုံးအထိ ငြိမ်းချမ်းစွာချီတက် လမ်းလျှောက်ခဲ့ပြီး၊ တရုတ်သံရုံးရှေ့အရောက် ယင်းကဲ့သို့ တားမြစ်ခံခဲ့ရခြင်းဖြစ်သည်။

ဒဂုံမြို့နယ်၊ ရဲတပ်ဖွဲ့မှူးက တိုင်းကြားစာကို နိုင်ငံခြားရေးဝန်ကြီးမှတစ်ဆင့်ပေးပို့ရန ်ပြောဆိုတားမြစ်ခြင်းကို လက်မခံဟု ဒေါ်နော်အုန်းလှက ပြောသည်။

"အန်တီကတော့ မပေးရမချင်း လာပေးနေမှာပဲလေ၊ အန်တီတို့ စာပေးတာကို သံရုံးက နိုင်ငံခြားရေး ဝန်ကြီးက တစ်ဆင့်ပေးပါဆိုရင် စာထုတ်လေ၊ အခု တစ်နိုင်လုံးသိအောင် သတင်းစာကတစ်ဆင့် ကြေညာလိုက်လေ၊ ဒါဆိုရင်တော့ တစ်မျိုးပေါ့၊ ဒီအတိုင်းလာပြောတာတော့ လက်မခံဘူး" ဟု လက်ပံတောင်းတောင် ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ဒေါ်နော်အုန်းလှက ပြောသည်။

ဒေါ်နော်အုန်းလှ သံရုံးရှေ့ရောက်ရှိချိန်တွင် လုံခြုံရေးအင်အား အပြည့်အဝချထားပြီး၊ ၎င်းအား ထောက်ခံသူများလည်း ဝန်းရံခဲ့သည်။ ယခုကဲ့သို့ တိုင်ကြားစာပေးပို့ခြင်းကို တားမြစ်ခဲ့ခြင်းနှင့် ပတ်သက်၍ ယခုအစိုးရသည် ယခင်အစိုးရအတိုင်း ဆောင်ရွက်နေသည်ဟု မြင်တွေ့ရကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

"သူတို့က အရာရာစိုးရိမ်တယ်၊ ဒီအစိုးရက အရင် အစိုးရနည်းအတိုင်းပဲ သုံးတယ်ဆိုတာ အန်တီ သိ ခဲ့ရတယ်၊ ဌာနဆိုင်ရာတွေက အရင်အတိုင်းပဲဆိုတာ အန်တီမြင်တယ်၊ ဒါကြောင့်မို့ အစိုးရကို အန်တီပြောခဲ့တယ်လေ၊ ပြောင်းလဲချိန်တန်ပြီဆိုရင် ဒီလိုလုပ်စရာမလိုဘူး" ဟု ဒေါ်နော်အုန်းလှက ဆက်ပြောသည်။

ယင်းတိုင်ကြားစာကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့ကလည်း ရန်ကုန်တရုတ်သံရုံးသို့ သွားရောက် ပေးပို့ခဲ့သော်လည်း သံရုံးမှ လက်ခံခြင်း မရှိခဲ့ပေ။

၂၀၁၃ ခုနှစ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်း တောင်၊ ကြေးနီစီမံကိန်းစုံစမ်း စစ်ဆေးရေးကော်မရှင်မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာပါအချက် အလက်များကို ကုမ္ပဏီများဘက်က လိုက်နာရန် ပျက်ကွက်သည်ဆိုကာ စုံစမ်းစစ်ဆေး၊ အရေးယူ ပေးရန် လက်ပံတောင်း တောင် ကာကွယ်စောင့်ရှောက်ရေးကော်မတီအဖွဲ့က ကြိုးပမ်းနေခြင်း ဖြစ်သည်။

ထို့ပြင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်ကလည်း နေပြည်တော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်နှင့် တရုတ်ယာယီဆက်သွယ်ရေးရုံးသို့ သွားရောက်ခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တား ဆီးမှုကြောင့် တွေ့ခွင့်မရခဲ့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် များကတဆင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆီ သို့ စာပေးပို့ခဲ့ရသည်။

ယခုတစ်ကြိမ် ပေးပို့၍မရသော်လည်း နောက် တစ် ကြိမ် ထပ်မံပေးပို့နိုင်ရန် ကြိုးစားသွားမည်ဟု ဒေါ်နော်အုန်းလှက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ် သက်၍ ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက် ကလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ဒေသခံများ၏လူမှုဘဝနစ်နာမှုများရှိကြောင်း ဆန္ဒ ပြမှုများရှိခဲ့ပြီး၊ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်အထိ ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုများ ရှိနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly