ဇင်ဘာဘွေ အတိုက်အခံခေါင်းဆောင် ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံး

ဇင်ဘာဘွေ အတိုက်အခံခေါင်းဆောင် ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံး

ဇန်နဝါရီ ၁၉ ။           ။ လူသိများတဲ့ ဇင်ဘာဘွေ အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရွိုင်း ဘင်းနက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်ပြည်နယ်တစ်ခုမှာ ရဟတ်ယာဉ် ပျက်ကျပြီး သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်သွားပါတယ်။

အသက် ၆၀ နဲ့ ကွယ်လွန်သွားခဲ့တဲ့ အတိုက်အခံ ခေါင်းဆောင် ဘင်းနက်ဟာ နိုင်ငံရဲ့ သက်တော်ရှည်သမ္မတတစ်ဦးဖြစ်ခဲ့တဲ့ ရောဘတ် မူဂါဘီကို ဘွင်းဘွင်းရှင်းရှင်း အစဉ်တစိုက် ဝေဖန်တိုက်ခိုက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

၎င်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်က အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်ရှိ ဝေးလံခေါင်းပါးတဲ့ အရပ်တစ်ခုမှာ ရဟတ်ယာဉ်ပျက်ကျပြီး ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုမှာ ဘင်းနက်နဲ့အတူ ဇနီးဖြစ်သူနဲ့ အခြားသုံးဦးလည်း သေဆုံးသွားခဲ့တယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သေဆုံးသွားတဲ့ အတိုက်အခံ ခေါင်းဆောင် ဘင်းနက်ကတော့ ဇင်ဘာဘွေအတိုက်အခံပါတီဖြစ်တဲ့ MDC ရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တွေအတွင်း တောင်အာဖရိကမှာ အခြေချနေထိုင်တာ များခဲ့ပါတယ်။

သူဟာ မူလတုန်းကတော့ သာမန်လယ်သမားတစ်ဦး ဖြစ်ခဲ့ဖူးပြီး သူ့လယ်တွေလည်း မူဂါဘီအစိုးရရဲ့ အဓမ္မ သိမ်းဆည်းမှုနဲ့ တွေ့ကြုံခဲ့ရပါသေးတယ်။

ဘင်းနက်ဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက လက်ထောက်စိုက်ပျိုးရေးဝန်ကြီးအဖြစ် ကျမ်းကျိန်ရဖို့ ရှိခဲ့ပေမယ့်လည်း ၎င်းဟာ မူဂါဘီအစိုးရကိုဖြုတ်ချဖို့ ကြိုးပမ်းခဲ့သူအဖြစ် စွပ်စွဲခံရပြီး ဖမ်းဆီးထောင်ချခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required