တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်ရင်းသားလက်နက်ကိုင်များအကြား ယုံကြည်မှု မလုံလောက်၍ မိုင်းမရှင်းနိုင်သေး

တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်ရင်းသားလက်နက်ကိုင်များအကြား ယုံကြည်မှု မလုံလောက်၍ မိုင်းမရှင်းနိုင်သေး

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ။           ။ တပ်မတော်အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် များအကြား ယုံကြည်မှုမလုံလောက်သေး၍ မိုင်းရှင်းလင်းရေးမလုပ်နိုင်ခြင်းဖြစ်သည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး (၁) ဒေါက်တာ ရွှေခါးက   ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ၁၄ ကြိမ် မြောက်ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

" တကယ်လို့ နှစ်ဖက်အဖွဲ့အစည်းကနေ သဘောတူညီမှုရရှိတယ်ဆိုလို့ရှိရင် အဲ့ဒါမျိုးလုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ဟာ ကမကထ လုပ်ပေးလိုက်နိုင်တာပဲ ရှိပါတယ်။ ဆိုတော့ အခုထက်ထိကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲအခြေနေတွေ ကျွန်တော်တို့ အချင်းချင်းကြားထဲမှာရှိနေတဲ့ ယုံကြည်မှုတွေဟာ မိုင်းရှင်းလင်းရေး လုပ်နိုင်တဲ့ အဆင့်ထိတော့ မရောက်သေးဘူးထင်ပါတယ်။ အဲဒါကြောင့်လည်း အခုထက်ထိ လုပ်ငန်းတောင် မစနိုင်သေးဘူး " ဟု ၎င်းကပြောဆိုသည်။

မိုင်းရှင်းလင်းရေးကိစ္စသည် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့များအကြား အချင်းချင်းညှိနှိုင်းရမည်ဖြစ်ပြီး သဘောတူညီချက် ရရှိပါက JMC အနေဖြင့်လိုအပ် သည်များကို ကမကထလုပ်ကာ ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါက်တာရွှေခါးက ဆက်ပြောသည်။

မိုင်းရှင်းလင်းရေးလုပ်ဆောင်ရန် ကရင်ပြည်နယ်ကို လျာထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်ဘက်မှ ဆွေးနွေးနေဆဲဖြစ်သည်ဟု (JMC-U) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြောဆိုခဲ့ဖူးသည်။

ကရင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်ကို ၂၀၁၇ ဧပြီလ ၌ လုပ်ဆောင်နိုင်ရန် စီစဉ်ထားသော် လည်း နှစ်ဖက်တပ်များအကြား ယုံကြည်မှုမရှိသေးသဖြင့် လက်ရှိအချိန်ထိ ဆောင်ရွက်နိုင်ခြင်းမရှိသေးခြင်းဖြစ် ကြောင်းသိရသည်။

မိုင်ရှင်းလင်းရေးလုပ်ဆောင်မည်ဆိုပါက အများပြည်သူအသုံးပြုနေသည့်လမ်းများနှင့်နေရာများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်းသိရသည်။

ကရင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးပြည်နယ်ဖြစ်နေသည်ဟု အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်း စောင့်ကြည့်ရေးအဖွဲ့က ဇန်နဝါရီ ၁၀ ရက်နေ့ကထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်သည် ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၉ နှစ်အတွင်း ရရှိသည့်စရင်းများအပေါ်တွင် အခြေခံထားခြင်းဖြစ်ပြီး ကရင်ပြည်နယ်တွင် လူ ၄၃၂ ဦးသေဆုံးခဲ့ သော ကြောင့်  ပြည်နယ်နှင့်တိုင်း အားလုံးပေါင်း၏  ၃၁ ရာခိုင်နူန်း ကျော်ရှိနေကြောင်း မြေမြုပ်မိုင်းစောင့်ကြည့်လေ့လာရေး မြန်မာနိုင်ငံ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်တွင် ကရင်အမျိုးအသားအစည်းအရုံး (KNU) အနေဖြင့် အပစ်ရပ်လက်မှတ်ထိုးခဲ့သော်လည်း ယခင်လက်ကျန် မြေမြှုပ်မိုင်းများကြောင့် ယခုလို ထိခိုက်မှုအများဆုံးဖြစ်နေရခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly