ဒေါက်တာ ဦးအေးမောင်ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ မရုတ်သိမ်းသေး

ဒေါက်တာ ဦးအေးမောင်ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ မရုတ်သိမ်းသေး
ဓာတ်ပုံ - RiA

 

စစ်တွေ၊ ဇန်နဝါရီ ၁၉ ရက်။                           ။  နိုင်ငံတော်ကို ပုန်ကန်သစ္စာဖောက်ဖျက်မှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် ဖမ်းဆီးတရားစွဲဆိုခံ ထားရသည့် အမ်းမြို့နယ် မဲဆန္ဒနယ်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးအေးမောင်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ယခုအချိန်ထိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်နေဆဲဟု ရခိုင်ပြည်နယ်   ရွေးကောက်ပွဲကော်မရှင်က ပြောသည်။

 “ ရွေးကောက်ခံပြီးသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက နိုင်ငံတော်ရဲ့ တည်ဆဲ၊ ပြဌာန်းထားတဲ့ ပြစ်မှုတစ်ခုခုကို ကျူးလွန်ပြီးတော့မှ သူ့ကို ပြစ်ဒဏ်ချမှတ်ပြီးတဲ့အချိန်ကျရင်တော့ သူ့ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ်က ပျက်ပြယ်ပါတယ်။ အမိန့်ချပြီးတဲ့အချိန်ပေါ့။ အပြီးသတ်အမိန့်။ အယူခံတက်ခွင့် ရနေသမျှကာလပတ်လုံးမှာတောင် ပျက်ပြယ်နိုင်ခြင်း မရှိပါဘူး။” ဟု ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံး အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာအာဏာကျဆုံးခြင်း “လလေ့ကွယ် ပြည်လေ့ဆုံး” ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားတွင် ရခိုင်အချုပ်အခြာ အာဏာကျဆုံးရခြင်းနှင့် ပတ်သက်ပြီး စာပေဟောပြောပွဲပြုလုပ်ခဲ့သည်။

ဟောပြောပွဲပါ ထည့်သွင်းပြောကြားချက်များသည် နိုင်ငံတော်ကို အကြည်အညို ပျက်စေသည်ဟု လည်းကောင်း၊ နိုင်ငံတော်ကို ပုန်ကန်သစ္စာဖောက်ရာရောက်သည် ဟူ၍လည်းကောင်း၊ မတရားအသင်းနှင့် ဆက်သွယ်ပတ်သက်နေသူ ဟူ၍လည်းကောင်း ဆိုကာ သမ္မတရုံးမှ ၎င်းတို့အား ဖမ်းဆီးတရားစွဲဆိုရန် ပြည်ထဲရေးသို့ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

“သူက မဟုတ်တာမလုပ်ဘူး။ မှန်တာပဲလုပ်တယ်။ အဲလိုအာဏာရှင်ဆန်ဆန် ပုဒ်မတွေစွဲပြီး ဖမ်းသွားတယ်ဆိုတော့ စိတ်တော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ ကျွန်မကတော့ ဝမ်းတော့မနည်းပါဘူး။ သူကကောင်းတဲ့အလုပ်ကိုပဲ လုပ်တယ်။ အမျိုးသားရေး တစ်ခုတည်းတောင် မဟုတ်ဘဲ တိုင်းရင်းသားအရေးတွေကိုလည်း လုပ်တယ်။ သူတို့က ဘာပုဒ်မနဲ့ စွဲတယ်ဆိုတာတော့ ကျွန်မ မသိဘူး” ဟု ဒေါက်တာဦးအေးမောင်၏ ဇနီးက ဇန်နဝါရီလ၁၈ ရက် မီဒီယာများကို ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required