နမ့်ဆန်မြို့နယ် ကြက်သေရွာအနီး၌ RCSS နှင့် TNLA တို့ တိုက်ပွဲများဖြစ်ပွားနေ

နမ့်ဆန်မြို့နယ် ကြက်သေရွာအနီး၌ RCSS နှင့် TNLA တို့ တိုက်ပွဲများဖြစ်ပွားနေ

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ။           ။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းရှိ ကိုက်တိုင်ကျေးရွာ(ဒေသအခေါ် ကြက်သေရွာ) အနီးတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) နှင် တအာဝ်းအဖွဲ့(TNLA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က မဇ္ဈိမသို့ အတည်ပြု ပြောဆိုသည်။

"မနေ့က တိုက်ပွဲတွေ တနေကုန်နီးပါးဖြစ်နေတယ်။ အခုလက်ရှိတော့ သူတို့ နောက်တော့ ပြန်ဆုတ်သွားပြီလို့ ကြားတယ်။ ဒါပေမယ့် တစ်ဖက်နဲ့ တစ်ဖက်က စစ်ရေးတင်းမာတဲ့အနေအထားရှိနေတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့်နေရာသည် TNLA ထိန်းချုပ်နေရာဖြစ်ပြီး ဒီဇင်ဘာလအတွင်းက တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ၊ ထို့နောက် ယင်းနေရာမှ TNLA မှ ဆုတ်ခွာခဲ့ပြီး အဆိုပါနေရာကို RCSS မှ ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု တာအိုက်ကျော်၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဘက်သို့ ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း တပ်မတော် ၊ TNLA စသည့်အဖွဲ့များဖြင့် မကြာခဏဆိုသော်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ 'ဝ'အဖွဲ့ (UWSA) ဦးဆောင်ဖွဲ့စည်းထားသည့် FPNCC ကော်မတီတွင် ပါဝင်ထားပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားသည့် အဖွဲ့ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags