မီဒီယာနှင့်အရပ်ဖက်အဖွဲ့အစည်းများတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ၆ လ လေ့လာပြီးစီးသည့် ဂုဏ်ပြုပွဲကျင်းပ

မီဒီယာနှင့်အရပ်ဖက်အဖွဲ့အစည်းများတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ၆ လ လေ့လာပြီးစီးသည့် ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၁၉ရက် ။                ။ နိုင်ငံရေးအကျဉ်းသားဟောင်းများကို Fellowship (ဂုဏ်ထူးဆောင်အဖွဲ့ဝင်)အဖြစ် မီဒီယာနှင့် အရပ်ဖက် အဖွဲ့အစည်းများ၌  ၆ လတာ လေ့လာမှုအစီစဉ် ပြီးစီးခြင်းအထိမ်းအမှတ်ပွဲကို ယနေ့ ဇန်နဝါရီလ ၁၉ ရက် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခဲ့သည်။

၎င်းအစီအစဉ်၌ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားဟောင်း ၅၀ ကို မီဒီယာ ၉ ခုနှင့် အရပ်ဖက် လူ့အဖွဲ့အစည်း ၁၇ ခုတွင် Fellow (ဂုဏ်ထူးဆောင်အဖွဲ့ဝင်)အနေဖြင့် စတင်သွားရောက်လေ့လာ လုပ်ကိုင်စေခဲ့သည်။ ၆လတာကာအတွင်း လေ့လာလုပ်ကိုင်ပြီးစီးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို ယနေ့ပွဲတွင် ဂုဏ်ပြုလက်မှတ်များလည်း ပေးအပ်ခဲ့သည်။

"ကျွန်တော်ဟာ၁၉၉၆-၉၈ ကျောင်းသားလှုပ်ရှားမှုမှာပါဝင်ခဲ့ပါတယ်။ ၁၉၉၈ခုနှစ်မှာ ထောင်၂၈နှစ် ပြစ်ဒဏ်ချခံခဲ့ရပါတယ် ။ အင်းစိန်၊ ပုသိမ်၊ မန္တလေးအကျဉ်းထောင်များမှာ ၇နှစ်နေထိုင်ခဲ့ပြီးတော့ ၂၀၀၅ ခုနှစ်မှာ ပြန်လွတ်မြောက်လာပါတယ် ။ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းမှာ ၂၀၁၇ USAID နဲ့ FHIတို့ကနေပြီးတော့ နိုင်ငံရေးအကျဉ်းသားများအတွက် ဆောင်ရွက်တဲ့ Fellowship ပရိုဂရမ်မှာ လျောက်လွှာတင်ခဲ့ပါတယ်"ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကျော်ဇင်ထွေးက ပြောသည်။

ထိုပွဲတွင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ယခုကဲ့သို့ကူညီထောက်ပံ့မှုများကိုသုံးသပ်ကြည့်လျင် အရည်အသွေးမြှင့်တင်ခြင်း၊ သတင်းအချက်အလက်ပိုင်း ရပိုင်ခွင့်နှင့် အားလုံးပါဝင်ရေး ဆိုသည့် အချက် ၃ ချက် ရှိနေသည်ဟု ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ခေါင်းဆောင် ဦးမင်းကိုနိုင်က အမှာစကားတွင် ထည့်သွင်း ပြောခဲ့သည်။

၎င်း၏ အတွေ့အကြုံအရဆိုရလျှင် အရည်အသွေးမြှင့်တင်ပေးမှုမှာကောင်းမွန်သော်လည်း အရည်အသွေး မြှင့်တင်ပေးပြီးပါက တခြားသောအဖွဲ့အစည်းများ၊ လုပ်ငန်းများ၊ နိုင်ငံများအတွက်သာ အကျိုးပြုကြပြီး မူလ နေရာအတွက် ပြန်လည်အကျိုးပြုပေးနိုင်ခြင်း၊ လုပ်ပေးနိုင်ခြင်းမရှိတော့သူများကို တွေ့ဖူးကြောင်း ပြောသည်။

သတင်းအချက်အလက်ရပိုင်ခွင့်ကိစ္စရပ်တွင် နိုင်ငံတကာအဖွဲ့အစည်းများက ထင်ပေါ်စေသည့် အချက် အလက်များကို ဖော်ပြပြီး မှေးမှိန်စေသည့်အချက်အလက်များကို မှေးမှိန်စေရန် အကျိုးစီးပွားများ ပါဝင်စွာ လုပ်ဆောင်နေသည်ဟု ဦးမင်းကိုနိုင်က ဆိုသည်။

"နိုင်ငံကြီးတွေ ကျွန်တော်တို့နိုင်ငံမှာလာပြီးတော့ ဖွံ့ဖြိုးရေးပေါင်းစုံနဲ့ဝင်ရောက်လာတဲ့သူတွေမှာလည်း ကိုယ်စီ ကိုယ်စီ မှိန်ချင်တဲ့အချက်အလက်ရှိသလို လင်းချင်တဲ့အချက်အလက်တွေရှိမှာပါဗျာ"ဟု ဦးမင်းကိုနိုင်က ပြောပြသည်။

အဆိုပါ အစီစဉ်၌ နိုင်ငံရေးအကျဉ်းသားများ ၁၆၂ ယောက်မှ အယောက် ၅၀ ကို ရွေးချယ်စေလွှတ်ခဲ့ခြင်း ဖြစ်ကာ အမျိုးသား၄၁ ဦး နှင့် အမျိုးသမီး ၉ ဦးတို့ ပါဝင်ခဲ့သည်။

၎င်းတို့ သွားရောက်လေ့လာလုပ်ကိုင်ခဲ့သည့် မီဒီယာများတွင် ရန်ကုန်အခြေစိုက် မဇ္ဈိမ၊ ဒီဗီဘီ၊ မြစ်မခ၊ မော်လမြိုင်အခြေစိုက် သံလွင်တိုင်းမ်၊ ကယားပြည်နယ်အခြေစိုက် ကန္တာရဝတီတိုင်းမ် နှင့် မော်လမြိုင် အခြေစိုက် အေဂျင်စီများ စုစုပေါင်း မီဒီယာ ၉ ခု ပါဝင်ပြီး အရပ်ဖက်လူ့အဖွဲ့အစည်းအနေဖြင့် ရန်ကုန် Triangle Women Support၊ မြန်မာလယ်သမားသမဂ္ဂ၊ Thanlwin Citizen Empowerment၊ ၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေးအကျဉ်းသားများထောက်ပံ့ကူညီရေး အဖွဲ့ (AAPP) တို့ အပါအဝင် အရပ်ဖက်လူ့အဖွဲ့အစည်း ၁၇ ခုတွင် ပါဝင်လုပ်ကိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly