လူငယ်နဲ့ မြန်မာစာပေ အရေးအသား အမှားပြဿနာ(၂)

လူငယ်နဲ့ မြန်မာစာပေ အရေးအသား အမှားပြဿနာ(၂)

မနေ့တုန်းက စကားလုံးပေါင်းသတ်ပုံအမှားနဲ့ ဝါကျတည်ဆောက်မှု သဒ္ဒါအထားအသိုအမှားကို နိဒါန်းသဘော ပြောခဲ့ပါတယ်။

ဒီကနေ့တော့ စကားလုံးပေါင်းသတ်ပုံအမှားများကို လိုအပ်ချက်အရ သွေးနှိုးတဲ့သဘော ဟိုတစ်စသည်တစ်စ ဆွေးနွေးချင်ပါတယ်။

ဒီကနေ့ လူငယ်တွေ အမှားအများဆုံးကြုံရတဲ့ စကားလုံးပေါင်းသတ်ပုံတွေထဲမှာ သတိထားစောင့်ကြည့်မယ်ဆိုရင် အသတ် တွေအမှားဆုံးဖြစ်နေတာ တွေ့ရမှာပါ။ “ကသတ်၊ ပသတ်၊ တသတ်” အဲဒီအသတ် သုံးခုကို မှားချင်တိုင်းမှားရေးနေကြတာ တွေ့ရပါတယ်။

ပထမဦးစွာ စဉ်းစားရမယ့်အချက်က သတ်ပုံမှန်မှ ပြောချင်တဲ့စကားရဲ့အဓိပ္ပါယ်ကို မှန်မှန်ကန်ကန်ပေါ်လွင်စေမှာဖြစ်ပြီး အသတ်မှားရင် အဓိပ္ပါယ်လည်း တိမ်းစောင်းသွားစေမှာဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။

ဥပမာ ကျနော်က ခင်ဗျားလောက် ပညာမ(တက်)ပါဘူး ဆိုတဲ့စာကြောင်းမှာ ဘယ်စာလုံးက စာလုံးပေါင်းသတ်ပုံမှားနေသလဲ။ ကွင်းစကွင်းပိတ်နဲ့ပြထားတဲ့စကားလုံးဟာ အသတ်မှားနေတာတွေ့ရပါလိမ့်မယ်။ ဒါက ဝါကျတိုတော့ အမှားကို ဒက်ကနဲသိနိုင်ပေမယ့် ဝါကျအရှည်မှာဆိုရင် ဘယ်စာလုံးတွေက စာလုံးပေါင်းသတ်ပုံမှားနေသလဲ အသတ်တွေမှားနေသလဲဆိုတာ ရုတ်တရက် သိဖို့ မလွယ်ပါဘူး။

ဥပမာ ငယ်စဉ်ကတည်းက ပညာမတက်ရင် ကြီးလာတဲ့အခါ လက်မှုပညာတစ်ခုခု တပ်ထားဖို့လိုပါတယ်ဆိုပြီး သူ့ကိုယ်သူ လူတက်ကြီးလုပ်ပြီးပြောနေတဲ့သူကိုယ်တိုင်က ဘာမှ မတပ်ဘူးဆိုတော့ တကယ်ပညာတက်တဲ့သူတွေအဖို့ပြုံးစရာဖြစ်တပ်တာပေါ့…ဆိုတဲ့စာကြောင်းကို ကြည့်ကြရအောင်ပါ။

အောက်မှာ စကားပေါင်းသတ်ပုံမှားရေးထားတဲ့ စာလုံးတွေကို ကွင်းစကွင်းပိတ်နဲ့ပြထားပါတယ်။

ငယ်စဉ်ကတည်းက ပညာမ(တက်)ရင် ကြီးလာတဲ့အခါ လက်မှုပညာတစ်ခုခု (တပ်)ထားဖို့ လိုပါတယ်ဆိုပြီး သူ့ကိုယ်သူ လူ(တက်)ကြီးလုပ်ပြီးပြောနေသူကိုယ်တိုင်က ဘာမှ မ(တပ်)ဘူးဆိုတော့ တကယ်ပညာ(တက်)တဲ့သူတွေအဖို့ ပြုံးစရာဖြစ်(တပ်)တာပေါ့။

အမှန်မှာ ငယ်စဉ်ကတည်းက ပညာမ(တတ်)ရင် ကြီးလာတဲ့အခါ လက်မှုပညာတစ်ခုခု (တတ်)ထားဖို့ လိုပါတယ်ဆိုပြီး သူ့ကိုယ်သူ ပညာ(တတ်)ကြီးလုပ်ပြီးပြောနေသူကိုယ်တိုင်က ဘာမှမ(တတ်)ဘူး ဆိုတော့ တကယ်ပညာ(တတ်)သူတွေအဖို့ ပြုံးစရာဖြစ်(တတ်)တာပေါ့…လို့ရေးမှသာ စကားလုံးပေါင်းမှန်တဲ့ စာကြောင်းဖြစ်လာမှာပါ။

ဒီနေရာမှာ တသတ်၊ ကသတ်၊ ပသတ်တွေကို အသုံးပြုတဲ့အခါ သက်ဆိုင်ရာအဓိပ္ပါယ်နဲ့ကိုက်ညီတဲ့အသတ်ကိုရေးမှသာ မှန်ကန်တဲ့အဓိပ္ပါယ်ရမှာဖြစ်တယ်ဆိုတာ စဉ်းစားရပါမယ်။

စကားလုံးပေါင်းသတ်ပုံအမှားတချို့ ဆက်လက်ဆွေးနွေးဖို့ ရှိပါသေးတယ်။ အသတ်တွေနဲ့ဆိုင်တဲ့ ပူးတွဲအဓိပ္ပါယ်အရ အသတ်တချို့ မှတ်သားသင့်တဲ့နည်းလမ်းများလည်း ရှိတတ်ပါတယ်။

ဒီနေရာမှာ လူငယ်တချို့က စကားလုံးပေါင်းသတ်ပုံအမှားကို အလေးအနက်မထားချင်ကြတာ ထောက်ပြချင်ပါတယ်။ ကျနော်က တခါတလေ ခင်မင်တဲ့ကလေးတချို့ သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးတင်တဲ့စာတချို့ စကားလုံးပေါင်းမှားနေတာတွေတွေ့ရင် ရင်းနီးမှု အရင်းခံနဲ့ သူတို့ရဲ့ ချက်စ်ဘောက်က်စ်ကနေသွားပြီး မှားရေးထားတဲ့စကားလုံးပေါင်းတွေကို အမှန်ပြင်ရေးဖို့ အကြံပြုတတ်ပါတယ်။ တချို့ကတော့ ဝမ်းသာအားရ ချက်ချင်းပြန်ပြင်တတ်ကြပြီး တချို့ကတော့ အလကားအလုပ်မရှိ အလုပ်ရှာပြီး လာပြောနေတယ်ဆိုတဲ့အထာမျိုး ပြန်မပြောရုံတမယ်လုပ်တာမျိုးလည်း ကြုံရတတ်ပါတယ်။ နောင် သူထပ်ပြီးရေးတဲ့အခါမှာလည်း အဲဒီသတ်ပုံအမှားဟာ မှားမြဲမှားနေတာတွေ့ရပြီး ပိုပြီး အံ့သြဖို့ကောင်းတာက သူ့ပရိတ်သတ်( သူ့မိတ်ဆွေအများစု)ကလည်း စကားလုံးပေါင်းသတ်ပုံတွေမှားနေတဲ့သူ့စာကို ဘယ်တော့မှ စောဒကတက်လေ့မရှိဘဲ အဓိပ္ပါယ်ချို့ယွင်းနေတာကိုလည်း ဖြည့်ပြီးဖတ်သွားကြတာများ အပေးအယူကို တည့်နေကြတဲ့အချက်ပါပဲ။ အမှားကြာ( အများစုကလည်း ဒီအတိုင်းလိုက်မှား)အမှန်ဖြစ် ဆိုတာ ဒါမျိုးပါပဲ။

ဒီကြားထဲ (ပြီး) နဲ့ (ပြီ) ဆိုတဲ့စကားလုံး အမြဲ မှားသုံးတတ်တဲ့ လူငယ်တွေလည်း ရှိပါသေးတယ်။ ဘာမှမခက်ဘူးဆိုတာ သူတို့လည်းသိပေမယ့် လက်တွေ့မှာတော့ မှားပြီးရင်းမှားနေကြတာပါပဲ။

(ပြီး) ဆိုတာ လုပ်ငန်းဆောင်ရွက်မှု ပြီးစီးသွားတဲ့အခါအသုံးပြုပြီး (ပြီ )ဆိုတာ လုပ်ငန်းဆောင်ရွက်မှု စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ( အဲဒီလုပ်ငန်းဆောင်ရွက်မှု မပြီးသေး)အသုံးပြုတဲ့စကားလုံးဖြစ်ပါတယ်။

ဥပမာ….ကျနော်တို့ အခုအချိန်မှစတင်ကာ ကားပြင်တဲ့အလုပ် စတင်နေပါ(ပြီ)။( လုပ်ငန်းမပြီးသေး)

ဥပမာ…အခုအချိန်မှာတော့ ကျနော်တို့ ကားပြင်ဆင်လို့(ပြီး)စီးပါကြောင်း အကြောင်းကြားအပ်ပါသည်။

ဒီ (ပြီး) နဲ့ (ပြီ) ဟာ ဝတ်ဆံနှစ်လုံး ပါသင့်မပါသင့် စဉ်းစားပြီးသုံးဖို့ အလွယ်တကူ ဆုံးဖြတ်လို့ရနိုင်ရဲ့သားနဲ့ ခတ်ပေါ့ပေါ့တွေးပြီး လက်လွှတ်စပယ်ရေးကြရင်းက မှားပြီးရင်း မှားနေတဲ့ အမှားပါပဲ။

အဓိက အခြေခံကတော့ ငယ်စဉ်က စာဖတ်တဲ့အခါ အသံမှန်အောင်မဖတ်ခဲ့တဲ့ကလေးတွေဟာ ဒီအမှားမျိုး မှားဖို့နီးစပ်ပါတယ်။

ကဲ ဒီတစ်ခါတော့ စကားလုံးပေါင်းသတ်ပုံအမှား မှားလေ့မှားထ ရှိတတ်တာတချို့ ဟိုတို့သည်တို့သဘော ပြောလိုက် ဆွေးနွေးလိုက်ပါတယ်။ နောက်တစ်ခါ ပြန်ဆုံကြတဲ့အခါ ဆက်ပြီး ဆွေးနွေးပါအုန်းမယ်။

လူငယ်များ စာပေအရေးအသား မှန်ကန်လှပ ကြွယ်ဝနိုင်ကြပါစေ။

အပိုင်း(၁) အား ဖတ်ရန်-http://www.mizzimaburmese.com/article/36309

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly