ဆစ်ဒနီ၊ သြစတြေးလျ၊ ဇန်နဝါရီ ၁၉ ။ ။ သြစတြေးလျ၏ ကမ်းခြေစောင့် အသက်ကယ်အဖွဲ့မှ အစောင့်များသည် ကြာသာပတေးနေ့က ဒရုန်းတစ်စီးကို အသုံးပြုကာ ကမ်းခြေမှဝေးရာသို့ ရောက်ရှိနေခဲ့သော ဆယ်ကျော်သက်အရွယ် ရေကူးသမားနှစ်ဦးကို ကယ်ဆယ်ခဲ့သည်။
နယူးဆောက်ဝေးပြည်နယ်ရှိ လန်နော့စ်ဟတ်ဒ်ဆိပ်ကမ်းမြို့၏ ကမ်းခြေမှ မီတာ ၇၀၀ ခန့်ကွာဝေးသော ရေပြင် ထဲသို့ရောက်ရှိနေသည့် အသက် ၁၅နှစ်နှင့် ၁၇ နှစ်အရွယ်ရှိ ရေကူးသူနှစ်ဦးထံသို့ အစောင့်များက အဝေးထိန်း ကရိယာဖြင့် ထိန်းချုပ်ထားသော ဒရုန်းလေးတစ်စီးကို အသုံးပြုပြီး အသက်ပစ္စည်းလေးကို ပေးပို့ပေးခဲ့ခြင်းဖြစ် သည်။
ထို့ကြောင့် အဆိုပါဆယ်ကျော်သက်နှစ်ဦးသည် အစောင့်များပေးပို့သည့် လေသွင်းနိုင်သော အသက်ကယ် ပစ္စည်းလေးကိုအသုံးချ၍ ကမ်းခြေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
“ဒီဒရုန်းလေးကို အလိုရှိတဲ့နေရာကို ထိန်းချုပ်ပံျသန်းပြီး အသက်ကယ်ပစ္စည်းလေးကို တစ်မိနစ်ကနေ နှစ်မိနစ် အတွင်း ရေကူးသူတွေထံသို့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ခါတိုင်းအခြေအနေမှာဆိုရင် ရေကူးသူတွေရှိတဲ့နေရာ ကိုရောက်နိုင်ဖို့ အစောင့်တွေအနေနဲ့ မိနစ်အနည်းငယ်ပိုကြာအောင် သွားရပါတယ်” ဟု နယူးဆောက်ဝေးလ် ကမ်းခြေစောင့် အသက်ကယ်အဖွဲ့မှ ဂျိုင်းရှာရီဒန်က ဆိုခဲ့သည်။
ပြီးခဲ့သောလက နယူးဆောက်ဝေးလ်ပြည်နယ်အစိုးရအဖွဲ့သည် မြောက်ပိုင်းကမ်းရိုးတန်းဒေသတစ်လျှောက်၌ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်မည့် ဒရုန်းပရောဂျက်အတွက် သြစတြေးလျဒေါ်လာ ၄၃၀၀၀၀ ခန့် ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့သည်။