ကိုယ်ဝန်လွယ်ထားရပြီဟု နယူးဇီလန်ဝန်ကြီးချုပ် လူထုအား အသိပေး

ကိုယ်ဝန်လွယ်ထားရပြီဟု နယူးဇီလန်ဝန်ကြီးချုပ် လူထုအား အသိပေး

 

ဝယ်လင်တန်၊ ဇန်နဝါရီ ၁၉ ။              ။ နယူးဇီလန်နိုင်ငံ၏ အမျိုးသမီး ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်းက သူ့အနေဖြင့် ဇွန်လအတွင်း ပထမဆုံး ရင်သွေးလေးကို ရရှိတော့မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်က ကြေညာလိုက်ရာ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်အတွင်း သားသမီး မွေးဖွားသည့် ပထမဆုံးနိုင်ငံခေါင်းဆောင်အဖြစ် မှတ်တမ်းတင်တော့မည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ဝန်ကြီးချုပ် ရာထူးရရှိခဲ့သည့် အသက် ၃၇ နှစ်အရွယ် ဂျာစင်ဒါသည် “ကိုယ်ဝန်မှာ မျှော်လင့်မထားဘဲ ရရှိခြင်း မှန်ပေမယ့် သူနှင့် ခင်ပွန်းသည် ကလက်ဂေးဖို့ဒ်တို့အတွက် စိတ်လှုပ်ရှားပျော်ရွှင်နေရကြောင်း”  ပြောသည်။

“ကျွန်မတို့ နှစ်ယောက်စလုံး သိပ်ပျော်နေတယ်။ ကျွန်မတို့က မိသားစုဘ၀ လိုချင်နေတာပါ။ ဒါပေမယ့် ရှေ့မှာ ဘာတွေ ဖြစ်ဦးမလဲဆိုတာက မသိရဘူးလေ။”ဟု ထုတ်ပြန်ချက်တစ်ရပ်တွင် ၎င်းက ဆိုသည်။

ဗဟိုလက်ဝဲပါတီအား ပဲ့ကိုင်ပြီးနောက် လပိုင်းအတွင်း ရွေးကောက်ခံအနိုင်ရကာ ဝန်ကြီးချုပ်ဖြစ်လာသည့် သြဇာကြီးသည့် ခေါင်းဆောင်ဖြစ်သူ ဂျာစင်ဒါသည် ပြီးခဲ့သည့်နှစ်က စုတ်ရော၊ လာဘ်ရော ဝင်ကာ ပျော်ရွှင်ရသူဟု ဆိုရမည်ဖြစ်သည်။

“၂၀၁၇ ခုနှစ်ဟာ တကယ့်နှစ်တစ်နှစ်ပဲလို့ ကျွန်မတို့ ထင်တယ်။”ဟုလည်း ၎င်းက တွစ်တာတွင် ရေးသားသည်။

“ခုနှစ်မှာတော့ ကျွန်မတို့ဟာ မိခင်ဖခင် ဖြစ်လာပါတော့မယ်။ ကျွန်မက ဝန်ကြီးချုပ် ကလေးအမေဖြစ်မှာ၊ ကလက်ကတော့ ငါးဖမ်းရင်း အိမ်မှာ အေးအေးလူလူ နေမယ့် အိမ်ထောင်ထိန်းကလေးအဖေ ဖြစ်တော့မှာလေ။”ဟုလည်း ဂျာစင်ဒါက ရေးသားခဲ့သည်။

ကလေး မီးမဖွားမီ ၎င်းအနေဖြင့် ခွင့်သီတင်းခြောက်ပတ် ယူမည်ဖြစ်ပြီး ဒုတိယဝန်ကြီးချုပ် ဝင်စတန်ပီတာက လုပ်ငန်းတာဝန်များကို အစားထမ်းဆောင်မည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required