ဘာစီလိုနာအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်တဲ့ ပီကေး

ဘာစီလိုနာအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်တဲ့ ပီကေး
(ဓာတ်ပုံ - အီးပီအေ)

စပိန်နောက်ခံလူ ဂျရတ်ပီကေးဟာ ၎င်းရဲ့ စာချုပ်သက်တမ်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်ထိ သက်တမ်းတိုး စာချုပ်ဖို့ ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ကာလာတန်ကလပ်က ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

ပီကေးရဲ့ သက်တမ်းတိုးစာချုပ်မှာ ယူရိုသန်း ၅၀၀ တန် လျော်ကြေးစာချုပ်ပါ ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

“ဘာစီလိုနာအသင်းနှင့် ဂျရတ်ပီကေးတို့ဟာ ကစားသမားရဲ့ စာချုပ်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ထိ သက်တမ်းတို့းဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။”လို့ ဘာစီလိုနာက ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

“တရားဝင် စာချုပ်သစ်လက်မှတ်ရေးထိုးမယ့် နေ့ကို လာမယ့် ရက်တွေထဲမှာ ကလပ်အသင်းက ကြေညာသွားပါမယ်။”လို့ ဆိုပါတယ်။

ပီကေးဟာ အသက် ၁၀ အရွယ်မှာ ပထမဆုံး ဘာစီလိုနာအသင်းနဲ့ ပူးပေါင်းခဲ့ပြီး မန်ယူနှင့် ဇာရာဂိုဇာအသင်းတို့မှာ ခဏတာကစားခဲ့ပါတယ်။ အဲဒီကတစ်ဆင့် သူဟာ ဘာစီလိုနာအသင်းဆီ ပြန်လည်ရောက်ရှိခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၄၂၂ ကစားခဲ့ရာ ၃၇ ဂိုး သွင်းယူတားပါတယ်။

အသက် ၃၀ နှစ်ကစားသမားဟာ ၂၀၀၄ ခုနှစ်မှာ မန်ယူအသင်းဆီ ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာအသင်းသို့ တစ်ကျော့ပြန်ရောက်ရှိလာပြီးနောက် အသင်းရဲ့ အမာခံနောက်ခံလူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ပီကေးဟာ ဘာစီလိုနာအသင်းနဲ့ ဆုဖလားအောင်မြင်မှုအဖြစ် ချန်ပီယံလိဂ်ဖလား ၃ ကြိမ်၊ လာလီဂါဖလား ၆ ကြိမ်၊ စပိန်ဘုရင့်ဖလား ၅ ကြိမ်၊ စပိန်စူပါဖလား ၅ ကြိမ်၊ ဥရောပစူပါဖလား ၃ ကြိမ်နှင့် ကလပ်ကမ္ဘာ့ဖလား ၃ ကြိမ်တို့ကို ဆွတ်ခူးခဲ့ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required