ဖိလစ်ပိုင်တွင် မီးတောင်ဘေးခိုလှုံစခန်းများ လူပြည့်သိပ်မှုနှင့် ရင်ဆိုင်ကြံုတွေ့

ဖိလစ်ပိုင်တွင် မီးတောင်ဘေးခိုလှုံစခန်းများ လူပြည့်သိပ်မှုနှင့် ရင်ဆိုင်ကြံုတွေ့

မနီလာ၊ ဇန်နဝါရီ ၁၈ ။        ။ ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်း အယ်ဘေးပြည်နယ်တွင် မေယွန်မီးတောင် ပေါက်ကွဲမှုမှ ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံကြသူ ထောင်သောင်းများစွာ ရှိနေရာ ခိုလှုံရေးစခန်းများအဖြစ် ဖွင့်လှစ်ထားသော စာသင်ကျောင်းများ၏ အခန်းများတွင် ခိုလှုံရောက်ရှိသော မိသားစုများသည် ဇန်နဝါရီ ၁၈ ရက်မှာ လူပြည့်သိပ်မှုဖြစ်သည့်အထိ ရှိလာနေသည်။

မေခွန်မီးတောင်မှ တောင်ဖက် ၁၁ ကီလိုမီတာတွင်ရှိသော ကာမာလစ်ချ်အရပ်က ကာဘန်ဂန် စာသင်ကျောင်းမှ အခန်းတိုင်းမှာ ခိုလှုံရာစခန်းများအဖြစ် မိသားစုများ ပြည့်သိပ်နေသည်။

ထို့အတွက်ကြောင့် စာသင်ခန်း အခန်းတစ်ခန်းတွင် မိသားစု ရှစ်စုသာ ထားပြီး လူပြည့်သိပ်မှုကို လျှော့ချရန်အတွက် အာဏာပိုင်များက နယ်မြေဧရိယာအတွင်းရှိ အခြားစာသင်ကျောင်းများကိုပါ ဒုက္ခသည်စခန်းများ ဖွင့်လှစ်ရန် လုပ်ဆောင်နေရလျက် ရှိသည်။

အဆိုပါ အယ်ဘေးပြည်နယ်အတွင်းက စာသင်ကျောင်းအားလုံးမှာ ပိတ်ထားရပြီဖြစ်ကြောင်း ဖိလစ်ပိုင်မြို့ပြကာကွယ်ရေးရုံး၏ အခြေအနေအရပ်ရပ် ဖော်ပြချက် အစီရင်ခံစာအရ သိရသည်။ မေယွန်မီးတောင်ဝန်းကျင် အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားရာ ခုနစ်ကီလိုမီတာ အပြင်ဖက်ရှိ စာသင်ကျောင်းများစွာကိုလည်း ခိုလှုံရေးစခန်းများအဖြစ် ဖွင့်လှစ်ထားပြီး ဖြစ်သည်။

ကာဘန်ဂန်စာသင်ကျောင်းသို့ ခိုလှုံရောက်ရှိနေသော်လည်း ဒုက္ခသည်အများစုက ၎င်းတို့၏ ကျွဲနွားအိမ်ခြံတို့ကို စိတ်မချခြင်းကြောင့် မိုးလင်းသည်နှင့် ရွာပြန်ကာ ညမှ ခိုလှုံရေးစခန်းသို့ ပြန်လာနေကြခြင်းလည်း ဖြစ်သည်။

ဇန်နဝါရီ ၁၇ ရက်အထိ မိသားစုပေါင်း ၈၅၃၀ အပါအဝင် ခိုလှုံရေးစခန်း ၃၂ သို့ ရွှေ့ပြောင်းပေးထားရသူဦးရေပေါင်း ၃၄၄၉၁ ဦးအထိ ရှိနေကာ ဘေးလွတ်ရာ ခေါ်ထုတ်ထားသော်လည်း ခိုလှုံရေးစခန်း ဖွင့်လှစ်မထားရှိပေးနိုင်သေးသည့် ဦးရေမှာ ၂၀၀၈ ဦးရှိကြောင်း မြို့ပြကာကွယ်ရေးရုံးက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required