မန္တလေး ကျုံးလက်ရန်းနှင့် ပလက်ဖောင်း ပြုပြင်မည်ဖြစ်ပြီး စတီးလက်ရန်းများ တပ်ဆင်မည်မဟုတ်ဟု ဆို

မန္တလေး ကျုံးလက်ရန်းနှင့် ပလက်ဖောင်း ပြုပြင်မည်ဖြစ်ပြီး စတီးလက်ရန်းများ တပ်ဆင်မည်မဟုတ်ဟု ဆို
(ဓာတ်ပုံ၊ဒေါက်တာရဲလွင်)

 

 

မန္တလေးမြို့တော်၏ အထင်ကရတစ်ခုဖြစ်သည့် ကျုံးအား လက်ရန်းအသစ်များတပ်ဆင်ခြင်းနှင့်ကျုံးဘေး လူသွားလမ်းကို မန်းသီတာဥယျာဉ်ပြန်လည်တည်ဆောက်ရန်ရရှိထားသည့် ဘတ်ဂျက်ငွေ ကျပ်သိန်း ၃၄၅၀ဖြင့် ပြုလုပ်သွားမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောသည်။

ကျုံးတောင်ဘက်ခြမ်းလူသွားလမ်းနှင့်ရေမြောင်းကို အဓိကထား ပြုပြင်ရန် ရည်ရွယ်ထားပြီး ပိုလျှံသည့် ဘဏ္ဍာငွေဖြင့် ကျုံးလက်ရန်းများတပ်ဆင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"မြို့တော်ဝန်ကြီး သူ့လူမှုကွန်ယက်မှာတင်လိုက်တယ်ဆိုတာက မြို့လူထုရဲ့ အသံကို ကြားချင်လို့ပါ။ တင်ထားပုံလို စတီးဖြစ်ချင်မှဖြစ်မယ်။ ပြောင်ပြောင်ကြီးနဲ့နန်းမြို့ရိုးကလည်း မလိုက်ဖက်ဘူးလေ။ နန်းမြို့ရိုးနဲ့လိုက်ဖက်တဲ့ လက်ရန်းပဲတပ်မှာပါ။လက်ရန်းက အဓိက ဦးစားပေးမဟုတ်ပါဘူး။ပလက်ဖောင်းက အဓိကပါ။"ဟု ဦးကျော်ဆန်းမြင့်ကပြောသည်။

ယခုလက်ရှိ အသုံးပြုနေသော ကျုံးအားကာရံထားသည့် လက်ရန်းများသည်လည်း ၂၀၀၆ ခုနှစ်ကတည်းက ကာရံထားသည့်လက်ရန်းများဖြစ်နေခြင်းကြောင့် ဟောင်းနွမ်းနေပြီး မကြာခဏပြုပြင်မှုများ ပြုလုပ်နေရပြီး လူသွားလမ်း (ပလက်ဖောင်း)မှာလည်း ၁၉၉၄ ခုနှစ်ကပြုလုပ်ခဲ့ခြင်းကြောင့် အက်ကွဲနေပြီဖြစ်ကြောင်း သိရသည်။

ယခုလို ကျုံးဘေးလူသွားလမ်းနှင့်လက်ရန်းများတပ်ဆင်ရန်ဆောင်ရွက်ခြင်းသည် ပြည်သူလူထု စိတ်ချမ်းမြေ့ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required