ကာဇက်စတန်တွင် ဘတ်စ်ကားမီးလောင်မှု ဖြစ်ပွားပြီး လူပေါင်း ၅၂ ဦး သေဆုံး

ကာဇက်စတန်တွင် ဘတ်စ်ကားမီးလောင်မှု ဖြစ်ပွားပြီး လူပေါင်း ၅၂ ဦး သေဆုံး

ဇန်နဝါရီ ၁၈ ။          ။ ကာဇက်စတန်နိုင်ငံမှာ ဇန်နဝါရီ ၁၈ ရက်က ခရီးသည်ဘတ်စ်ကားတစ်စီး မောင်းနှင်နေစဉ် မီးလောင်မှုဖြစ်ပွား၍ ယာဉ်ပေါ်ပါ လူပေါင်း ၅၂ ဦးထိ သေဆုံးသွားခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

"ဒီနေ့ ဇန်နဝါရီ ၁၈ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ဒီဘတ်စ်ကား မီးလောင်မှု ဖြစ်သွားပါတယ်၊ ကားပေါ်မှာက ခရီးသည် ၅၅ ဦးနဲ့ ဒရိုင်ဘာနှစ်ဦးတို့ လိုက်ပါလာတယ်လို့ သိရတယ်၊ သူတို့ထဲက ငါးဦးကတော့ လွတ်မြောက်ခဲ့တယ်၊ ကျန်တဲ့ သူအားလုံး နေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားကြပါတယ်" ဆိုပြီး ကာဇက်စတန် အရေးပေါ်ကူညီကယ်ဆယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ်။

ဘတ်စ်ကားမီးလောင်ရခြင်းရဲ့ အကြောင်းရင်းကိုတော့ ထုတ်ဖော်သွားခြင်း မရှိသေးပါဘူး။

လွတ်မြောက်လာသူတွေထဲမှာ ပါဝင်ခဲ့တဲ့ ယင်းဘတ်စ်ကား ဒရိုင်ဘာဖြစ်သူရဲ့ အဆိုအရ ကားပေါ်ပါ ခရီးသည်တွေဟာ ဥဇဘက်ကစ္စတန် နိုင်ငံသားတွေဖြစ်ကြပြီး ကားကတော့ ကာဇက်စတန်မှာ မှတ်ပုံတင်ထားတဲ့ ကားဖြစ်တယ်လို့ သိရကြောင်း အဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရူစလန် အိုင်မန်ကူလော့ဗ်က ပြောပါတယ်။

ယင်းဖြစ်စဉ်ဟာ မီးဟာ ဘတ်စ်ကားတစ်စီးလုံးကို အချိန်တိုအတွင်းမှာပဲ လျင်လျင်မြန်မြန် ဝါးမြိုသွားခဲ့တယ်လို့လည်း ၎င်းက ဆိုပါတယ်။

အဆိုပါ မီးလောင်သွားတဲ့ ကားဟာ ဟန်ဂေရီလုပ် Ikarus ကုမ္ပဏီထုတ်အမျိုးအစားတစ်စီးဖြစ်တယ်လို့ ကာဇက်စတန် အရေးပေါ်ကူညီကယ်ဆယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ယင်းကားတွေဟာ သက်တမ်းအားဖြင့် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဆိုပေမယ့် ကာဇက်စတန်မှာတော့ ယခုထက်ထိ အသုံးပြုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ယခု မီးလောင်သွားခဲ့တဲ့ ကားဟာ ရုရှ မြို့တစ်မြို့ဖြစ်တဲ့ ဆာမာရာကနေ ကာဇက်စတန်တောင်ပိုင်း ရှိုင်းကန့်မြို့ဆီ ဦးတည်မောင်းနှင်လာရင်းနဲ့ ယခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့လိုက်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required