ကယန်​းအမျိုးသားပါတီ ဥက္ကဋ္ဌအပါအဝင် ၃ ဦးကိုထပ်မံအမှုဖွင့်

ကယန်​းအမျိုးသားပါတီ ဥက္ကဋ္ဌအပါအဝင် ၃ ဦးကိုထပ်မံအမှုဖွင့်
ဓာတ်ပုံ - Kayan New Generation Youth - KNGY

 

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ။                  ။ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးအပါအဝင် ကရင်နီပြည်သူ ၃ ဦးကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ ဖြင့် လွိုင်ကော်မြို့မရဲစခန်းမှူးမှ တရားလိုလုပ်ကာ ထပ်မံအမှုဖွင့်ထားကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးဖြစ်သည့် ကယားပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့ LAIN နည်းပညာအထောက်အကူပြု အဖွဲ့ ဒါရိုက်တာ ကိုကျော်ထင်အောင် ကပြောသည်။

“ ၅ ရက်နေ့မှာ ကိုရဲမင်းကျော်ပါ ၅ ဦးကို တရားရုံးလိုက်ပို့ရင်းနဲ့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဟောပြောမှုပေါ့နော်။ အဲ့ဒီမှာ ကြိုတင်အကြောင်းကြား ထားခြင်းမရှိတဲ့အတွက်  ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ နဲ့တရားစွဲပါတယ်ဆိုပြီး မနေ့ ညနေခင်းကအကြောင်းကြားထားပြီးတော့ မနက်ဖြန် ၁၉ ရက်နေ့ကိုတော့ လွိုင်ကော်မြို့နယ်တရားရုံးကို ရုံးချိန်းလာဖို့ဆိုပြီး ပြောဆိုထားတယ်လို့သိရပါတယ် “  ဟု ၎င်းကပြောသည်။

အမှုဖွင့်ခံရသူ ၃ဦးမှာ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး၊ ကယန်းမျိုး ဆက်သစ်လူငယ် ဗဟိုကော်မတီဝင် ခွန်းအသန်းနှင့် ကရင်နီပြည် တောင်သူ လယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်တို့ဖြစ်ကြသည်။

၎င်းတို့သည် အငြင်းပွားဖွယ်KNPP ရဲဘော် (၃) ဦးနှင့် အရပ်သား (၁) ဦး သေဆုံးမှု အပေါ် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည့် လူငယ် (၅) ဦး ကိစ္စနှင့်ပက်သက်ပြီး ဇန်နဝါရီလ ( ၅ ) ရက်နေ့ လွိုင်ကော်မြို့နယ် တရားရုံးသို့ ကရင်နီပြည်သူ (၁၀၀၀) ဝန်းကျင်ခန့်က ဝန်းရံပေးရန် ဦးဆောင်ခဲ့သူများလည်း ဖြစ်သည်။

အဆိုပါ ကန့်ကွက်ရံှု့ချ ဆန္ဒထုတ်ဖေါ်ခဲ့သူ ၅ ဦးကို ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ငွေဒဏ်သုံးသောင်းစီ လွိုင်ကော်မြို့နယ်တရားရုံးက ချမှတ်လိုက်ပြီး ငွေဒဏ်မဆောင်သည့်အတွက် ထောင်ဒဏ် ရက် ၂၀ ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလူငယ် ၅ ဦးသည် ဇန်နဝါရီ ၂၅ ရက်နေ့တွင် လွှတ်ဖွယ်ရှိနေပြီး ယခု၎င်းတို့ကို ဝန်းရံခဲ့ကြသည့် သူ၃ ဦး ထပ်မံအမှုဖွင့်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

အဆိုပါ ပုဒ်မ ၁၉ သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက  ၃ လထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ၃ သောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်သောပြစ်မှုလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required