ဗြိတိန် အထင်ကရ သိမ်းမြစ်ထဲမှ ပလက်စတစ် ညစ်ညမ်းပစ္စည်းများကို ရှင်းလင်းဆယ်ယူ

ဗြိတိန် အထင်ကရ သိမ်းမြစ်ထဲမှ ပလက်စတစ် ညစ်ညမ်းပစ္စည်းများကို ရှင်းလင်းဆယ်ယူ

ဇန်နဝါရီ ၁၈ ။          ။ ဗြိတိန်၏ နာမည်ကျော် သိမ်းမြစ်ထဲမှ ပလက်စတစ်ညမ်းညမ်းပစ္စည်းများကို ဖယ်ထုတ်ရှင်းလင်းသွားနိုင်ရန်နှင့် ယင်းညစ်ညမ်းပြဿနာကို လူအများပိုမိုသိရှိအာရုံစိုက်လာစေနိုင်ရန်အတွက် ယခုအခါ တက်ကြွလှုပ်ရှားသူတစ်စုတို့ ကြိုးပမ်းနေလျက်ရှိပါတယ်။

မြို့တော် လန်ဒန် အနောက်ပိုင်းက သမိုင်းဝင် Kew Bridge တံတားကြီးကို နောက်ခံထားပြီး သိမ်းမြစ်ပေါ်ကနေ နေလုံးကြီးထွက်လာချိန် ဘဲနှင့် ငန်းလေးများ မြစ်အတွင်း ကူးခတ်သွားလာနေတာကို မြင်ရသူတိုင်းအနေနဲ့ အေးချမ်းသာယာလှတဲ့ ရှုမြော်ခင်းတစ်ခုလိုမျိုး ခံစားရနိုင်မှာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း မြစ်အတွင်း အနီးကပ် လိုက်ကြည့်မယ်ဆိုရင်တော့ ပလက်စတစ်စွန့်ပစ်ပစ္စည်းတွေ ကမ်းပေါ်တွေမှာ လာတင်နေတာ၊ ပလက်စတစ်အိတ်တွေ မြစ်အနီး သစ်ပင် အကိုင်းအခတ်တွေမှာ တွယ်ညှိနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ယခုလိုမျိုး ကမ္ဘာကျော်မြစ်တစ်ခုကို အမြင်ညစ်နွမ်းစေသည့် အရာများ ရှိနေခြင်းကြောင့် ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းသွားနိုင်ရန်အတွက် Active360 လို့အမည်ပေးထားတဲ့ လှေလှော်အဖွဲ့တစ်ခုက ကြိုးပမ်းနေလျက်ရှိတာဖြစ်ပါတယ်။

၎င်းတို့အဖွဲ့ကတော့ ယခုအခါ လန်ဒန်မြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်အတွင်း နေရာတွေနဲ့ တူးမြောင်းတွေမှာ ပလက်စတစ်ညစ်ညမ်းပစ္စည်း သန့်ရှင်းရေးကို အားကြိုးမာန်တက် လုပ်ဆောင်နေလျက်ရှိကြပါတယ်။

၎င်းတို့အနေနဲ့ နာရီဝက်လောက် မြစ်အတွင်း လိုက်လံစုံဆင်းသွားလိုက်တာနဲ့ မြောက်မြားလှတဲ့ ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေ စုစည်းရရှိနေလျက်ရှိတယ်လို့ ဆိုပါတယ်။

" ဒီထဲမှာ ပလက်စတစ် ဗူးတွေပါတယ်၊ ကြိုးတွေ၊ အချပ်ပြားတွေ၊ ခွက်တွေအပြင် ခွေးချီးထည့်တဲ့အိတ်လိုမျိုး ရွံစရာကောင်းတဲ့ ပလက်စတစ်အိတ်တွေလည်း ပါပါတယ်" ဆိုပြီး Active360 အဖွဲ့တည်ထောင်သူတစ်ဦးဖြစ်တဲ့ Nolan က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required