အပူပေါ် အပူဆင့်

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ယခင့် ယခင် အစိုးရများမှအစပြု၍ အခြေခံလူတန်းစားများ အမြဲမပြတ် ရင်ဆိုင်နေရသည်မှာ ကုန်ဈေးနှုန်းပင်ဖြစ်သည်။ လွန်ခဲ့သည့် အနှစ် ၂၀ ကျော်ကာလမှစ၍ ယနေ့အထိ တစ်မုဟုတ်ချင်းသော်လည်းကောင်း၊ တရိပ်ရိပ်အားဖြင့်သော်လည်းကောင်း အဆက်မပြတ် တက်လာခဲ့သော ကုန်ဈေးနှုန်းသည် ယနေ့အချိန်အထိ ပြန်ကျတယ်ဆိုတာ အလျင်းမရှိပေ။

အဓိက အခြေခံစားကုန်များဖြစ်သော ဆန် ၊ ဆီ ၊ ဆား ၊ ငြုပ်သီး ၊ ကြက်သွန် တို့မှာ မစားမဖြစ် လူတိုင်းဝယ်စားရသော စားကုန်များဖြစ်သည်။ ဒီနှစ်အတွင်းတွင် ဆန်လည်းဈေးတက်သွားသည်။ ဆီလည်းဈေးတက်သွားသည်။ ကြက်သွန်ဈေးမှာ တက်သင့်တာထက် ပို၍တက်သွားသည်။ ကြက်သွန်ဈေးတက်ရသည့် အကြောင်းအရင်းမှာ အထက်မြန်မာပြည်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့်ဖြစ်သည်။ လာမည့် ကြက်သွန်သစ်ပေါ်ချိန်တွင် ကြက်သွန်စိုက်ခင်းများ ရေမြုပ်သဖြင့် ကြက်သွန်စိုက်ခင်းများ ပျက်စီးကုန်တာကြောင့် ကြက်သွန်အထွက် သိသိသာသာ လျော့ကျပြီး ကြက်သွန်ဈေးများ ကြီးမြင့်မှာသေချာကြောင်း ကုန်သည်ကြီးများပြောသံကြားရသည် ။

ထိုကြက်သွန်ဈေး အဆမတန်ကြီးမြင့်လာခြင်းကို ကျွန်တော်တို့မြန်မာနိုင်ငံမှ ဂရိတ်စီးပွားရေးသမား များသည် ရွှေဉာဏ်တော်စူးရောက်စွာဖြင့် စားသုံးသူပြည်သူတွေအတွက် အိမ်နီးချင်းနိုင်ငံများမှ ဓာတုနည်းဖြင့် စိုက်ပျိုးထားသော ကြက်သွန်ဥကြီးများကို နည်းမျိုးစုံဖြင့် တင်သွင်းပြီး မြန်မာကြက်သွန် ဈေးနှင့် မတိမ်းမယိမ်းရောင်းချကြသည်ကို ဈေးများ၌ တွေ့ရ။ လေ့လာကြည့်သော အခါတွင် မြန်မာကြက်သွန်အဟောင်းများမှာ ပိန်ရှုံ့နေခြင်းကြောင့်လည်းကောင်း ၊ ဈေးမှာလည်းသိတ်မကွာ လွန်းတာကြောင့်လည်းကောင်း မြန်မာကြက်သွန် အစွဲအလန်းကြီးသူများမှလွဲ၍ နိုင်ငံရပ်ခြား ကြက်သွန် ကို ဝယ်စားကြတာများသည်။ မြန်မာ့ဟင်းလျာများတွင် ကြက်သွန်သည် မပါလျင်မဖြစ်တာကြောင့် မဖြစ်မနေ ဝယ်စားရတော့သည်။

ကျွန်တော့တွင်အတွေးတစ်ခုဝင်လာသည်။ ထိုအတွေးသည် ကျွန်တော်တို့ မြန်မာလူမျိုးများ မေ့ကြဦးမည်မဟုတ်ပါ။ ကျွန်တော်တို့နိုင်ငံကို ဗြိတိသျှတို့အုပ်ချုပ်စဉ် ကြက်သွန်နီကို အိန္ဒိယနိုင်ငံမှ ဝယ်ယူတင်သွင်းစားသုံးကြသည်။ ထိုအချိန်လေ့လာကြည့်သောအခါ ကိုယ့်ဘာသာကိုယ်စိုက်၍ ရရဲ့သားနဲ့ မစိုက်ကြဘဲ လက်တင်ဝယ်စားကြခြင်းဖြစ်သည်။ ထိုအချိန်နိုင်ငံ့ခေါင်းဆောင် သိရှိသွားပြီး ပြောမှ ကိုယ့်ဘာသာ ကိုယ်စိုက်စားကြတော့သည်။ မြန်မာပြည်လောက် စိုက်စရာမြေများ အလွန်ပေါ များ၍ တခြားနိုင်ငံများကိုအားကိုးစရာမလိုပါ။ မြေလည်းကောင်းသည်။ ရေလည်းကောင်းသည် ၊ ရာသီဥတု သည်လည်း ကောင်းသည် ၊ ရာသီဥတုကောင်းသည်ဆိုရာ၌ နိုင်ငံတကာမှ ဖန်တီး စိုက်ပျိုးမှုများကို အတုယူ၍စိုက်ပျိုးလျင်လည်းရသည်။ အလွန်ပူသောနေရာတွင် အပူချိန်ကို လျှော့ချပြီး အကာအရံများဖြင့် လည်းကောင်း ၊ အအေးလှိုင်းများလွှတ်၍လည်းကောင်း ၊ အေးသော နေရာများတွင်လည်း အပူဓာတ် အနွေးဓာတ်များပေး၍လည်းကောင်း ၊ စသည်အားဖြင့် ဖန်တီးယူကာ စိုက်ပျိုး၍ရသည်။ ကျွန်တော်၏ အတွေ့အကြုံအရ ကြက်သွန်ကို မြန်မာနိုင်ငံရှိ မည်သည့်နေရာတွင် မဆို စိုက်ပျိုး၍ရသည် ။ ကျွန်တော်သည်လည်း စိုက်ခဲ့ဘူးသည်။   အောင်မြင်ဖြစ်ထွန်းပါသည်။

ကျွန်တော်ဆိုလိုချင်သည်မှာ မြန်မာနိုင်ငံတွင် ရေကြီးတိုင်း ၊ မိုးများတိုင်း နှစ်စဉ် ကြက်သွန်ခင်းများ  ဆုံးရှုံးပြီး ကြက်သွန်ဈေးမြင့်တက်မှုကို တားဆီသည့်အနေဖြင့် ကြက်သွန်အများဆုံးထွက်ရှိရာ မကွေးတိုင်းကိုသာ အမှီသဟဲမပြုဘဲ မြန်မာနိုင်ငံအနှံ့အပြားတွင်လည်း ကြက်သွန်စိုက်ပျိုးကြမည်ဆို လျင် ၊ နိုင်ငံရပ်ခြားမှ ကြက်သွန်များဝယ်မစားရတော့ဘဲ ကိုယ့်နိုင်ငံအတွင်းမှာပင်   ဈေးနှုန်းချိုသာစွာ ဖြင့် ဖောဖောသီသီ ဝယ်စားနိုင်တော့မှာဖြစ်ပါတယ် ။ ခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ စားစရာနှင့် လူသုံးကုန်ပစ္စည်းများ၏ အများစုကို နိုင်ငံရပ်ခြားတိုင်းပြည်များမှ တင်သွင်းဝယ်ယူစားသောက်နေရ တာကများပြီး အချို့စိုက်ပျိုးသီးနှံတွေသည်လည်း နိုင်ငံရပ်ခြားသို့ ကုန်ကြမ်းအဖြစ်တင်ပို့ကာ ကုန်ချော လုပ်ပြီးမှ မြန်မာတွေက ပြန်ဝယ်ရတာတွေလည်းရှိနေလို့ ကမ္ဘာမှာ မြန်မာဟေ့ဆိုတာ ပျက်လုံးတစ်ခုလို ဖြစ်နေတော့သည် ။

မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းကျဆင်းဘို့ဆိုတာ ပြည်တွင်းအသားတင်ထုတ်ကုန် ကြွယ်ဝဘို့လည်း လိုအပ်တာကြောင့် စိုက်ပျိုးရေးကိုအခြေခံတဲ့ကျွန်တော်တို့နိုင်ငံမှာ စိုက်ပျိုးကြဘို့ မြေတွေ ဘယ်ရောက်ကုန်ကြပြီလဲ ။ စိုက်ပျိုးမယ့် လူတွေ မရှိတာကြောင့်ဘဲလား ။ နည်းပညာ ဉာဏ်ကွန့်မြူးမှု မရှိလို့ဘဲလား ။ စီမံခန့်ခွဲမှု ညံ့ဖျင်းကြလို့ပဲလား . . ဆိုတာ  အရိပ်မြင် အကောင်ပါသိနိုင်အောင် တင်ပြလိုက်ရပါသည် ။    ။

သန့်ဇော် ( သန်လျင် )

Mizzima Weekly