ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သစ်အဖြစ် မြန်အောင်လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခံရ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သစ်အဖြစ် မြန်အောင်လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခံရ

 

ပုသိမ်၊ ဇန်နဝါရီ ၁၈ ။           ။ နှုတ်ထွက်သွားသော ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီနေရာတွင် မြန်အောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်အား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သစ်အဖြစ် ယနေ့  ဇန်နဝါရီလ ၁၈ ရက်တွင် ရွေးချယ်လိုက်သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် မြန်အောင်မြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဦးလှမိုးအောင်အား နိုင်ငံတော်သမ္မတက အမည်စာရင်းပေးပို့ကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ယနေ့ ပြုလုပ်သော အရေးပေါ် အစည်းအဝေး ၁/၂၀၁၈ တွင် ကြေညာခဲ့သည်။

နှုတ်ထွက်သွားသော ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရာထူးနေရာတွင် အမည်စာရင်းတင်သွင်းမည့် တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီလ ၁၈ ရက်သို့ ရွှေ့ဆိုင်းလိုက်ပြီးနောက် ယင်းသို့ အမည်စာရင်းအား သမ္မတက ပေးပို့ခဲ့ခြင်း ဖြစ်သည်။ 

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အသစ် ဦးလှမိုးအောင်က စိုက်ပျိုးရေးကို တိုးတက်အောင် အဓိက လုပ်ဆောင်မည်ဟု မီဒီယာများအား ပြောသည်။ 

"ကျွန်တော်ရတဲ့ အချိန်တိုအတွင်းမှာတင်ထားတဲ့အဆိုတွေမှာရော စိုက်ပျိုးရေးကို တိုးတက်အောင်အဓိကလုပ်သွားမယ် ဧရာဝတီတိုင်းက ရေခံမြေခံတွေက ရှိပြီးသား။  သူ့ကို နည်းပညာတွေနဲ့ ပံ့ပိုးလိုက်မယ်ဆိုရင် ဧရာဝတီ စီးပွားရေးဟာ ဖွံဖြိုးတိုးတက်လာမယ်၊၊ပြည်သူအတွက် ၊ ဧရာဝတီ အတွက်ကြိုးကြိုးစားစားလုပ်သွားမယ်”ဟုဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အသစ်ဦးလှမိုးအောင်က ပထမဆုံးအကြိမ် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဇန်နဝါရီလ၂၃ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် မြန်အောင်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီးကိုယ်စားလှယ်ဖြစ် ၂၀၁၅ခုနှစ်တွင် ရွေးချယ်ခံခဲ့ရသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အမည်စာရင်းအား နိုင်ငံတော်သမ္မတက ပေးပို့မည်ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌက ဖတ်ကြားကာ ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။

တိုင်းလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းလူမှုရေးဝန်ကြီးတို့ ဝန်ကြီးချုပ်ရာထူးနာမည်စာရင်းအတွက် သတင်းများ ထွက်ပေါ်နေခဲ့ပြီးနောက် မြန်အောင်လွှတ်တော်ကိုယ်စားလှယ် ခန့်အပ်ခံရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required