Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် ) ကဘာလဲ

Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် ) ကဘာလဲ

ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

Fibroadenoma ဆိုသည်မှာ ရင်သားတွင်ဖြစ်တတ်သော ကင်ဆာမဟုတ်တဲ့ ရိုးရိုးအကျိတ်ဖြစ်တယ်။ ရင်သားတွင်ဖြစ်တတ်တဲ့ အကျိတ်အားလုံးဟာ fibroadenoma တော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ လူတွေဟာ fibroadenoma ကို ရင်သားကင်ဆာအကျိတ်နှင့် မှားတတ်ကြတယ်။

ကင်ဆာအကျိတ်နှင့် ခွဲခြားနိုင်တဲ့အချက်မှာ fibroadenoma ဟာအချိန်ကြာလာတာနှင့် အမျှကြီးလာတယ်ဆိုတာ မရှိပါဘူး။ သူဟာ ရင်သားတစ်ရှူးထဲမှာပဲ ရှိနေတတ်ကြပါတယ်။ သင်ဟာရင်သားကို စမ်းသပ်ချိန်တွင် အကျိတ်ကို ခံစားမိနိုင်တယ်။

သင်ဟာ ရင်သားမှာ ရာဘာကဲ့သို့ မာသော အလုံးနှင့်တိကျသော အနားသားတို့ကို စမ်းမိပါက ရင်သားတွင်ဖြစ်သော ကင်ဆာမဟုတ်သည့် fibroadenoma အကျိတ် ဖြစ်နိုင်ပါတယ်။ တိကျတဲ့ စစ်ဆေးစမ်းသပ်အတည်ပြုချက်တွေတော့ လိုအပ်ပါတယ်။

Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် ) က ဘယ်လောက်အဖြစ်များသလဲ

ဒီအကျိတ်ဟာ ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာ အဖြစ်များတယ်။ အပျိုဖော်ဝင်စအမျိုးသမီးတွေနှင့် အသက်၃၀အောက် အမျိုးသမီးတွေမှာ အဖြစ်များတတ်တယ်။ သို့သော် အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။

ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ထိန်းချုပ်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ပါတယ်။ ထပ်မံသိလိုသောအချက်များရှိပါက ဆရာဝန်နှင့်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် ) ရဲ့လက္ခဏာတွေကဘာတွေလဲ

သင်ဟာ ရင်သားကိုစမ်းကြည့်ရာတွင် ဂေါ်လီလုံးကဲ့သို့ အလုံးကိုစမ်းမိနိုင်ပါတယ်။ အတွေ့ရအများဆုံး လက္ခဏာတွေကတော့ ရင်သားမှာ အလုံးအခဲစမ်းမိခြင်းနှင့် မာကြောလုံးဝိုင်းသော အဖုစမ်းမိခြင်းတို့ဖြစ်တယ်။ fibroadenoma သည် ထိကိုင်ခြင်း၊ လှုပ်ရှားကြည့်ခြင်းပြုလုပ်ရာတွင် နာကျင်မှုကို ခံစားရလေ့ မရှိကြပါဘူး။

ရင်သားအကျိတ်က အရွယ်အစား အမျိုးမျိုးရှိတတ်ပါတယ်။ အရွယ်အစားက ကြီးလာတာမျိုးရှိသလို ကျုံ့သွားတာလည်း ရှိ နိုင်ပါတယ်။ သို့သော် များသောအားဖြင့် အရွယ်ငယ်ကြပါတယ်။

၁-၂စင်တီမီတာလောက်ပဲ ရှိတတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရင်သားမှာ အလုံးအကျိတ်စမ်းမိခြင်း သို့မဟုတ် ရင်သားမှာအလုံးအသစ်စမ်းမိခြင်း သို့မဟုတ် ရင်သားပြောင်းလဲမှုရှိခြင်း ၊ သို့မဟုတ် အကျိတ်ကအရင်ကထက်ကြီးလာပြီး ပြောင်းလဲမှုရှိလာတယ်ဆိုလျှင် ဆရာဝန်နှင့်ချက်ချင်း ပြသသင့်ပါတယ်။

အကြောင်းရင်းများ

Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် ) ကိုဘာတွေကဖြစ်စေသလဲ

Fibroadenoma ရင်သားအကျိတ်ကိုဖြစ်စေတဲ့ တိကျတဲ့အကြောင်းရင်းကို ရှာမတွေ့သေးပါဘူး။ သုတေသနပြုသူတွေကတော့ ဟော်မုန်းပြောင်းလဲမှုကြောင့် ရင်သားအကျိတ်ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

ရင်သားအကျိတ်ဟာ မျိုးပွားခြင်းဆိုင်ရာ ဟော်မုန်းတွေကြောင့် ဖြစ်စေပြီး မျိုးဆက်ပွားနိုင်တဲ့ အရွယ်တွေမှာ ပိုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နှင့် ဟော်မုန်းကုထုံးတွေ ယူနေချိန်မှာ အကျိတ်က ကြီးလာတတ်ပါတယ်။ သွေးဆုံးပြီးနောက်တွင် ဟော်မုန်းပမာဏလျော့ကျသွားတဲ့အတွက် အကျိတ်ကသေးသွားနိုင်ပါတယ်။

အသက်၂၀မတိုင်မီ သန္ဓေတားဆေးကဒ်တွေကို သောက်တဲ့အမျိုးသမီးတွေမှာ ရင်သားအကျိတ်တွေ ဖြစ်လေ့ရှိကြတယ်။

Risk factors

Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ရင်သားအကျိတ်ကို အဖြစ်များစေတဲ့အကြောင်းရင်းများမှာ
• အီစထရိုဂျင်ကုထုံး သို့မဟုတ် ဟော်မုန်းကုထုံးတစ်မျိုးမျိုးကို ခံယူနေခြင်း
• ကိုယ်ဝန်ဆောင်ခြင်း
• ကလေးနို့တိုက်ခြင်း
• သန္ဓေတားဆေးကဒ်များကို သောက်သုံးနေခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရင်သားအကျိတ်ကို စမ်းသပ်ရှာဖွေရန် ဆရာဝန်မှ သင့်ရင်သားကို သေချာစမ်းသပ်ပြီး ရှာဖွေပေးနိုင်ပါတယ်။ သင့်အခြေအနေပေါ် မူတည်၍ လိုအပ်လျှင် ရင်သားကိုအာထရာဆောင်းရိုက်ခြင်း ၊ ရင်သားကို Mammogram ဓါတ်မှန်ရိုက်ခြင်းတို့ကို လုပ်ပေးနိုင်ပါတယ်။

အာထရာဆောင်း က သင့်ရင်သားအတွင်းကို ကြိမ်နှုန်းမြင့်အသံလှိုင်းတွေ ထုတ်လွှတ်ပြီး ပုံရိပ်တွေကို ရိုက်ယူပါလိမ့်မယ်။ အာထရာဆောင်း ရိုက်တဲ့ အတံကို သင့်ရင်သားပေါ်တင်ပြီး ရိုက်၍့ ဘေးရှိ ကွန်ပျူတာမျက်နှာပြင်တွင် ပုံရိပ်တွေဖမ်းယူနိုင်ပါတယ်။ Mammogram ရိုက်နေစဉ်တွင် သင့်ရဲ့ရင်သားတစ်ဖက်ကို ဓါတ်မှန်ရိုက်တဲ့ အပြား၂ခုကြား ညှပ်ထားပြီး ဓါတ်မှန်ရိုက်ယူပါလိမ့်မယ်။

အကျိတ်သည် ကင်ဆာအကျိတ် ဟုတ်၊မဟုတ်သိနိုင်ရန် ဆရာဝန်မှ အကျိတ်ကို အပ်ဖြင့်စုပ်ထုတ်ခြင်း အသားစ စစ်ဆေးခြင်းတို့ကို လုပ်နိုင်ပါတယ်။ သင့်ရင်သားအတွင်းမှ အပ်ဖြင့်စုပ်ထုတ်ပြီး အသားစအနည်းငယ်ကို ထုတ်ယူကာ ဓါတ်ခွဲခန်းသို့ပို့ပြီး စစ်ဆေးနိုင်ပါတယ်။ အသားစကို အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးခြင်းဖြင့် သင့်အကျိတ်အမျိုးအစားကို ခွဲခြားနိုင်ပြီး ကင်ဆာဖြစ်၊ အဖြစ်သိနိုင်ပါတယ်။

Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် ) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်က သင့်အကျိတ်အား ကင်ဆာမဟုတ်တဲ့အကျိတ် (fibroadenoma) လို့သတ်မှတ်လျှင် ခွဲစိတ်ဖို့မလိုအပ်ပါဘူူး။ ဒီအကျိတ်ဟာ ဟော်မုန်းပမာဏနှင့် သက်ဆိုင်သည့်အတွက် မျိုးပွားခြင်းနှင့်ဆိုင်သော ဟော်မုန်းပမာဏကျသည့်အချိန်တွင် အရွယ်အစားကျုံ့သေးတတ်ပါတယ်။

တချို့ အခြေအနေများတွင် ဒီအကျိတ်အတွက် မည်သည့်ကုသမှုမှ ခံယူရန်မလိုအပ်ပါ။ သို့သော် သင့်အကျိတ်ကြောင့် ရင်သားပုံပျက်တယ်လို့ ထင်လျှင် သင်ဟာ ခွဲစိတ်မှုကို ခံယူလို့ရပါတယ်။

ခွဲစိတ်မှုမခံမီ သင့်အကျိတ်ကို ဆရာဝန်နှင့် မှန်မှန်ပြပြီး အာထရာစောင်း ရိုက်ယူရပါမယ်။ ဒါက သင့်ရင်သားရှိ အလုံးရဲ့ပြောင်းလဲမှုတွေကို သိရှိစေနိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ အကျိတ်လို့ယူဆလျှင် ထုတ်လိုက်လို့ရပါတယ်။

သို့သော် စစ်ဆေးချက်အဖြေတွေအရ ပုံမှန်မဟုတ်လျှင် ကင်ဆာဟုတ်မဟုတ်စစ်ဆေးရန် လိုအပ်ပါတယ်။ ဆရာဝန်မှ ပထမဆုံးရင်သားတစ်ရှူးကို ဖယ်ရှားပြီး ကင်ဆာဟုတ်၊ မဟုတ်စစ်ဆေးရန် ဓါတ်ခွဲခန်းကို ပို့ရပါမယ်။ ကင်ဆာမဟုတ်ကြောင်း အဖြေထွက်လာလျှင် ဆရာဝန်မှ အကျိတ်ကို ဖယ်ပစ်ပါလိမ့်မယ်။

ရင်သားအကျိတ်ကို ဖယ်ရှားရန် သုံးသည့်နည်းလမ်းတစ်ခုမှာ Cryoablation (ဓါတ်ငွေ့ဖြင့် တစ်ရှူးစများကို အေးခဲအောင်လုပ်၍ လှီးထုတ်ခြင်း) ဖြစ်တယ်။ ဒီနည်းတွင် ဆရာဝန်မှ သင့်အရေပြားထဲသို့ သေးငယ်တဲ့ အချောင်းကဲ့သို့ ပစ္စည်းတစ်မျိုးထည့်ပြီး ဂတ်စ်ဓာတ်ငွေ့လွှတ်ကာ ရင်သားတစ်ရှူးများကို အေးခဲအောင်လုပ်ပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly