ထုတ်ကုန်တွေမှာ ဘက်တီးရီးယားပိုး ပါ၀င်ညစ်ညမ်းနေသည့်ကိစ္စ ပြင်သစ် Lactalis နို့မှုန့်ကုမ္ပဏီရုံးချုပ်ကို ရဲဝင်စီး

ထုတ်ကုန်တွေမှာ ဘက်တီးရီးယားပိုး ပါ၀င်ညစ်ညမ်းနေသည့်ကိစ္စ ပြင်သစ် Lactalis နို့မှုန့်ကုမ္ပဏီရုံးချုပ်ကို ရဲဝင်စီး

ပြင်သစ်အခြေစိုက် နို့ထွက်ပစ္စည်းထုတ်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Lactalis ၏ နှို့မှုန့်ထုတ်ကုန်တွေမှာ အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားပိုးတွေ ပါဝင်ညစ်ညမ်းနေတာကို စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၈၃ နိုင်ငံက ဈေးကွက်ထဲကနေ ထုတ်ကုန်တွေ ပြန်လည်သိမ်းဆည်းနေရပြီဖြစ်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယခုအခါမှာ ယင်းအရှုပ်တော်ပုံကိစ္စကြောင့် ဇန်နဝါရီ ၁၇ ရက်မှာပဲ ပြင်သစ်ရဲတပ်ဖွဲ့က အဆိုပါ Lactalis ကုမ္ပဏီ ရုံးချုပ်ကို ဝင်ရောက်စီးနင်း စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးရေးမှူးတွေ အဆိုပါ Lactalis ရုံးချုပ်အဆောက်အအုံထဲ ဝင်သွားကြတာကို တွေ့ရတယ်လို့ AFP သတင်းထောက်တစ်ဦးက ပြောသွားပါတယ်။

 Lactalis ထုတ်ကုန်တွေမှာ ပိုးမွှား ညစ်ညမ်းမှု ပြဿနာဟာ ကျယ်ပြန့်သွားခဲ့တာဖြစ်ပြီး ယခင် နိုင်ငံပေါင်း ၃၀ လောက်ကနေ ယခု နိုင်ငံ ၈၃ နိုင်ငံက ဈေးကွက်တွေမှာ ပြန်လည် သိမ်းဆည်းနေရတာ ဖြစ်ပါတယ်။

ယခုအချိန်မှာ ကလေးနို့မှုန့် ပစ္စည်း ဗူးပေါင်း ၁၂ သန်းကျော်လောက်ဟာ ယင်း အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားပိုး ညစ်ညမ်းမှု ပြဿနာ ရှိနေပြီ ဖြစ်ကြောင်း Lactalis ကုမ္ပဏီရဲ့ စီအီးအို Emmanuel Besnier က ပြင်သစ် ဂျာနယ်တစ်စောင်နဲ့ အင်တာဗျူးရာမှာ ပြောကြားသွားခဲ့ပါတယ်။

အဆိုပါ Lactalis ရဲ့ ပိုးမွှားပါတဲ့ နှို့ထွက်ထုတ်ကုန်တွေကို သောက်သုံးမိမှုကြောင့် ပြင်သစ်နိုင်ငံမှာ ကလေးငယ် ၃၅ ဦး ၊ စပိန်နိုင်ငံမှာ တစ်ဦး၊ ဂရိမှာ တစ်ဦး တို့ နာမကျန်းဖြစ်ခဲ့ကြတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ထားခဲ့ပြီ ဖြစ်ပါတယ်။

ယခုဖြစ်စဉ်မှာ ထုတ်ကုန်တွေကြောင့် ထိခိုက်ခံစားခဲ့ကြရတဲ့ မိသားစုတွေအားလုံးကို နစ်နာကြေး ပြန်လည်ပေးသွားမယ်ဆိုပြီး Besnier က ထုတ်ဖော်ကတိပြုထားတယ်လို့လည်း သိရပါတယ်။ တစ်ချိန်တည်းမှာလည်းပဲ ယင်းကိစ္စနဲ့ပတ်သက်လို့ ကုမ္ပဏီအပေါ် တရားစွဲဆိုမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly