ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားသူ ဂျိုရှုအာဝေါင် ထောင်ဒဏ်ချမှတ်ခံရပြန်

ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားသူ ဂျိုရှုအာဝေါင် ထောင်ဒဏ်ချမှတ်ခံရပြန်

 

လွန်ခဲ့သည့် ၂၀၁၄ ခုနှစ် ဟောင်ကောင် ဒီမိုကရေစီအရေး ဆန္ဒပြမှုဖြစ်စဉ်အတွင်း အဓိကဦးဆောင်ပါဝင်ခဲ့သူ ဟောင်ကောင်ကျောင်းသားခေါင်းဆောင် ဂျိုရှုအာဝေါင်အား ဇန်နဝါရီ ၁၇ ရက်တွင် တရားရုံးက တာဝန်နှောက်ယှက်မှုဖြင့် ထောင်သုံးလ ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဒီမိုကရေစီလှုပ်ရှားမှုဖြစ်စဉ်တွင် မြို့တွင်းရှိ ဆန္ဒပြတပ်စခန်းများ တပ်စွဲထားမှုကို အာဏာပိုင်များဘက်က ဖြိုဖျက်ရှင်းလင်းမှုအပေါ် ပိတ်ပင်တားမြစ်ခဲ့မှုဖြင့် ယခုကဲ့သို့ ဂျိုရှုအာဝေါင်အား ထောင်ဒဏ်ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။

ယင်းအပြင် ယခုတစ်ကြိမ် ထောင်ဒဏ်ချမှတ်မှုသည် ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားမှု Umbrella Movement ဖြစ်စဉ်နှင့်အတူ ထင်ရှားလာခဲ့သည့် ၎င်းအတွက်ကတော့ ဒုတိယအကြိမ်မြောက် ချမှတ်ခံခဲ့ရသည့် ထောင်ဒဏ် ပြစ်ဒဏ်လည်း ဖြစ်လာခဲ့သည်။

အသက် ၂၁ နှစ်သာရှိသေးသည့် ဟောင်ကောင် ကျောင်းသားခေါင်းဆောင် ဝေါင်သည် တရားရုံးအမိန့် ဖီဆန်မှု ကျူးလွန်ထားခဲ့ကြောင်း ဝန်ခံထားသူဖြစ်ကာ ယခင် ချမှတ်ခံခဲ့ရသည့်   ထောင်ခြောက်လပြစ်ဒဏ်အတွက်လည်း အယူခံဝင်ပြီး အာမခံရရှိထားသူဖြစ်သည်။

ယခုကဲ့သို့ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ဒီမိုကရေစီအရေး  ဦးဆောင်လှုပ်ရှားသူများကို ထောင်ချပြစ်ဒဏ်ပေးနေခြင်းကြောင့် အခြားသော လူငယ်များ  ၎င်းတို့၏ အမြင်များကို လွတ်လပ်စွာထုတ်ဖော်မှုကို ပိတ်ပင်တားဆီးရာ ရောက်သကဲ့သို့ လွတ်လပ်စွာထုတ်ဖော်ခွင့်အပေါ်မှာလည်းဖိနှိပ်ရာကျနေနိုင်မည့်အပေါ် စိုးရိမ်ပူပန်မှုများလည်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ဂျိုရှုအာဝေါင်နှင့်အတူ အခြားသော တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ရာဖေးလ် ဝေါင်ကိုလည်း ယင်းပြစ်ချက်ဖြင့်ပင် ထောင်ဒဏ် လေးလနှင့် ၁၅ ရက် ကျခံရန် ယင်းနေ့မှာပင် တရားရုံးက အမိန့်ချမှတ်ခဲ့သေးသည်။

၎င်းတို့နှစ်ဦးစလုံး ယခု ပြစ်ဒဏ်အတွက် အာမခံရမည်မဟုတ်ကြောင်း တရားရုံး တရားသူကြီး အန်ဒရူး ချန်က ပြောကြားသွားသည်။ ရှေ့နေများဘက်က ယခုဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပေးရန် တရားရုံးကို ဦးတည်တောင်းဆိုခဲ့သည်ဟုလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required