ဝိုင်းမော်တွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်၊ လူ ၂၆ ဦး ဒဏ်ရာရ

ဝိုင်းမော်တွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်၊ လူ ၂၆ ဦး ဒဏ်ရာရ
ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီးနောက် တွေ့မြင်ရစဉ်။ ဓာတ်ပုံ - ပြည်ထဲရေး

 

ရန်ကုန်၊ ဇန်နဝါရီလ ၁၇ ။               ။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ဝိုင်းမော်- ဗန်းမော်ကားလမ်းမကြီး ဆည်မြောင်းတောင်အနီးတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာမှ မြန်မာနိုင်ငံသား ၂ဝ ဦး၊ တရုတ်နိုင်ငံသား ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီလ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ဇန်နဝါရီလ ၁၆ ရက်၊ နံနက် ၆ နာရီခန့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိန် မင်းကုမ္ပဏီငှက်ပျောခြံမှ တရုတ်နိုင်ငံသား ဟောင်ကျန့်ကျွင်းဆိုသူ မောင်းနှင်လာသည့် တွဲကားနှင့် ပါဝါ နိုင်းငှက်ပျောခြံမှ တရုတ်နိုင်ငံသား လီယုံရှန်းဆိုသူ မောင်းနှင်လာသည့် ဒိုင်နာ ၆ ဘီးကားတို့ မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုကြောင့် ဒိုင်နာယာဉ်ပေါ်ပါ တရုတ်နိုင်ငံသူ ၂ ဦး၊ မြန်မာနိုင်ငံသူ ၁ ဦးမှာ နဖူး၊ နှုတ်ခမ်းပေါက်ပြဲ၊ ယာပေါင်ကျိုးဒဏ်ရာများရရှိခဲ့ပြီး ယာဉ်မောင်း နှစ်ဦးအပါအဝင် ၂၃ ဦးတို့မှာ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် ဒဏ်ရာရရှိခဲ့သည့်သူများကို ဝိုင်းမော်ပြည်သူ့ဆေးရုံနှင့် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင် ဆေးကုပေးနေကြောင်း သိရသည်။

ယာဉ်မောင်းဖြစ်သူ ဟောင်ကျန့်ကျွင်းဆိုသူနှင့် လီယုံရှန်းဆိုသူတို့ နှစ်ဦးမှာ နယ်စပ်ဖြတ်ကျော်သွား လာခွင့်လက်မှတ်(Green Card) ကိုင်ဆောင်ထားသူများဖြစ်ပြီး လက်ရှိတွင် ၎င်းတို့နှစ်ဦးကို ဝိုင်းမော် မြို့မရဲစခန်းတွင် ယာဉ်(ပ)၃/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် ပြင်းထန်/ သာမန်နာကျင်စေမှု)တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly