သံသယစိတ်များကြောင့် NCAအကောင်အထည်ဖော်ရာတွင် ထင်သလောက်မလွယ်ဟု ဗို်လ်ချုပ်စောအိုင်းဇက်ဖိုးပြော

သံသယစိတ်များကြောင့် NCAအကောင်အထည်ဖော်ရာတွင် ထင်သလောက်မလွယ်ဟု ဗို်လ်ချုပ်စောအိုင်းဇက်ဖိုးပြော

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ။             ။ နှစ်ဖက်လက်နက်ကိုင်များအကြား သံသယစိတ်များရှိနေသေးသောကြောင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ရေးထိုးထားသည့်အဖွဲ့ဝင်များအနေဖြင့် NCA ကိုအကောင်အထည်ဖော်ရာတွင် ထင်သလောက်မလွယ်သေးဟု JMC-U ဒုဥက္ကဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ယနေ့ (ဇန်နဝါရီ ၁၇ ရက်) ၌ ၁၄ ကြိမ်မြောက်ပြုလုပ်နေသည့် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြော ဆိုခဲ့ခြင်းဖြစ်သည်။

" NCA စာချုပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ၊ နှစ်ပေါင်း (၆၀) ကျော် ကြာမြင့်တဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ ခါးသီးတဲ့ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုတွေကြောင့်၊ ထင်သလောက်မလွယ်ကူဘူး ဆိုတာကို ပါဝင်သူ ကျွန်တော်တို့တတွေ သဘောပေါက်ကြမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လက်နက်ကိုင် နှစ်ဘက်ကြား သံသယစိတ်နဲ့ စိုးရိမ်စိတ်တွေဟာ အတိုင်းအတာ တခုထိ မြင့်မားနေသေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်နက်ကိုင် နှစ်ဖွဲ့အကြားမှာ သံသယစိတ်ကိုနှိုးဆွပြီး စိုးရိမ်စိတ်တွေကို တိုးပွားစေနိုင်တဲ့၊ ထိလွယ်ရှလွယ် (Sensitive) ဖြစ်တဲ့ အပြောအဆို၊ အသုံးအနှုန်းမျိုးနဲ့ ပြုလုပ်ဆောင်ရွက်မှုမျိုးများ မပြောမိဘို့နဲ့ မပြုလုပ်မိဘို့အတွက် နှစ်ဘက်လုံးက အထူးသတိချပ်ရမဲ့ အချိန်လဲဖြစ်ပါတယ် " ဟု ၎င်းကပြောသည်။

NCA ၏သက်တမ်းမှာ ၂ နှစ်ကျော်လာပြီဖြစ်သောကြောင့် NCA အကောင် အထည်ဖော်မှုတွင် တရားမျှတမှု၊ တန်းတူရည်တူရှိမှု၊ အပြန်အလှန် လေးစားမှုများလိုအပ်နေသည့်အပြင် တစ်ဦး၏ ဂုဏ်သိက္ခာကိုလည်း တစ်ဦးကအသိအမှတ်ပြု ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး ကဆိုသည်။

ထို့အပြင် လက်နက်ကိုင်တပ်နှစ်ဖွဲ့အကြား ထိပ်တိုက်ထိတွေ့မှုရှောင်ရှားရန်အတွက် တပ်နေရာချထားရေးနှင့်ပတ်သက်၍ ထိန်းချုပ်နယ်မြေများနှင့် အပစ်ခတ်ရပ်နယ်မြေများကို ခွဲခြား ထားနိုင်ရန် လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့အကြား ညှိနှိုင်းသဘောတူရယူနိုင်မည့် အခင်းအကျင်းတခုဖြစ်သည့် ( Military to Military) ယန္တရားအသစ်တခု တည်ဆောက်ရန် လိုအပ်မည်ဟုလည်း ၎င်းကပြောသည်။

NCA အခန်း (၆) ပါ ကြားကာလအစီအစဉ်အရ အပစ်ရပ်နယ်မြေ၊ ထိစပ်နယ်မြေများတွင် အုပ်ချုပ်ရေးနှင့်ပက်သက်သည့် နှစ်ဘက် ဆွေးနွေး သဘောတူညီချက်ရယူနိုင်ရန် ယန္တရားအသစ်တခုကိုလည်း တည်ဆောက်ရန် လိုအပ်သည်ဟု  ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးကဆက်လက်ပြောခဲ့သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) သည် NCA စာချုပ်အရ ဖွဲ့စည်းထားသည့် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအချင်းချင်းနှင့် တပ်မတော်ကြား ပစ်ခတ်မှုများကိုစောင့်ကြည့် ဖြေရှင်းပေးရသည့်ကော်မတီလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly