စာရေးဆရာ ဝေဟင်အောင်အား မတရားအသင်းဥပဒေပုဒ်မ- ၁၇ (၁) ဖြင့် ကနဦး အမှုဖွင့်

စာရေးဆရာ ဝေဟင်အောင်အား မတရားအသင်းဥပဒေပုဒ်မ- ၁၇ (၁) ဖြင့် ကနဦး အမှုဖွင့်
ဓာတ်ပုံ-ဝေဟင်အောင် ဖေ့ဘုတ်
 

ရန်ကုန်၊ ဇန်နဝါရီလ ၁၇ ။            ။ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဇန်နဝါရီလ ၁၆ နေ့တွင် ဖမ်းဆီးခဲ့သော ရခိုင်လူငယ် စာရေးဆရာ ဝေဟင် အောင်အား လက်ရှိတွင် မတရားအသင်းဥပဒေပုဒ်မ- ၁၇ (၁) ဖြင့် စတင် အမှုဖွင့်ထားကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက မဇ္ဈိမသို့ အတည်ပြုပြောသည်။

 “ အခုချိန်ထိကတော့ စိစစ်ဆဲပါဗျ။ ပေါ်ပေါက်ချက်အရ ဆက်လုပ်ပါမယ်။ ပုဒ်မတိုးမယ်၊ မတိုးဘူးဆိုတာက အခု လောလောဆယ်ပြောဖို့ အချိန်တွေ စောပါသေးတယ်။ လောလောဆယ် ၁၇(၁) ပေါ့။ မတရား အသင်း ပုဒ်မနဲ့ စပြီးတော့ လုပ်ထားပါတယ်။ ကျန်တာကတော့ စစ်ဆေးပေါ်ပေါက်ချက်အရ ဆက်လုပ်ပါမယ်။ ၅ဝ၅ (ခ)က ရဲ အရေးမပိုင်ပါဘူး။ ဦးတိုက်လျှောက်ရပါမယ်။ ၁၇(၁) က ရဲအရေးပိုင်ပါတယ်။ အဲ့ဒီထဲက ကျွန်တော် ရမန်တောင်းပြီး ချုပ်ထားတာပါ”ဟု ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက မဇ္ဈိမသို့ ပြောသည်။

စာရေးဆရာဝေဟင်အောင်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ- ၅ဝ၅ (ခ) ဖြင့် ဇန်နဝါရီလ ၁၆ ရက်၊ ညနေ ၅ နာရီ၊ ၄၅ မိနစ်ခန့်အချိန်တွင် စစ်တွေမြို့ရှိ ၎င်းနေအိမ်အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စာရေးဆရာ ဝေဟင်အောင်မှာ ရခိုင့်ဘုရင်အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနား ၂၃၃ နှစ်မြောက်နေ့ ဟောပြောပွဲတွင် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်၌ ဒေါက်တာအေးမောင်နှင့် အတူ 'လလည်းကွယ် ပြည်လည်းဆုံး' ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။

စာရေးဆရာဝေဟင်အောင်သည် ပရဟိတလုပ်ငန်းများ လုပ်ကိုင်ရင်း လူသိများလာသူဖြစ်ကာ အကြမ်းဖက် တိုက်ခိုက်မှုများခံခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်း သရုပ်ဆောင် ဝေဠုကျော်နှင့်အတူ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required