စစ်တွေ-မြောက်ဦး ရထားလမ်းပိုင်းအတွင်းမှ ကျန်မြေများကို လျော်ကြေးငွေပေးအပ်မည်

စစ်တွေ-မြောက်ဦး ရထားလမ်းပိုင်းအတွင်းမှ ကျန်မြေများကို လျော်ကြေးငွေပေးအပ်မည်

ရခိုင်ပြည်နယ်အတွင်း ၂၀၁၀ ခုနှစ်က စတင်ဖောက်လုပ်ခဲ့သည့် စစ်တွေ-မင်းဘူး ရထားလမ်းရှိ စစ်တွေ-မြောက်ဦး လမ်းပိုင်းအတွင်းမှ မြေတချို့ကို ပြန်လည်ပေးအပ်ပြီး ကျန်မြေများအားလုံးအတွက် လျော်ကြေးငွေများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းအတွင်းမှ ရထားလမ်းဖောက်လုပ်ရန်အတွက် သိမ်းဆည်းထားသည့်မြေများနှင့် လမ်းဖောက်လုပ် လျှက်ရှိသည့် မြေများအား စွန့်လွှတ်ရခြင်းမှာ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ ဓညဝတီ၊ ဝေသာလီ၊ မြောက်ဦး ရှေးဟောင်းနယ်မြေများနှင့် မလွတ်ကင်းသည့် နေရာများကိုသာ စွန့်လွှတ်သွားမည်ဖြစ်ပြီး ကျန်မြေများအတွက် လျော်ကြေားငွေများ ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။

“ရထားလမ်းအတွက် သိမ်းဆည်းထားတဲ့ မြေနေရာတွေအတွက် တချို့ကိုလျော်ကြေးငွေပေးသွားမယ်။ ပြီးတော့ ဓညဝတီနယ်မြေအတွင်းက မြေတွေနဲ့ ဝေသာလီ၊ မြောက်ဦးနယ်အတွင်းက ယဉ်ကျေးမှုဇုန်တွေကို ဖြတ်ထားတာ တွေအတွက် ပြန်လည်စွန့်လွှတ်ပေးတယ်လို့ တရားဝင်ပြောကြားခဲ့တာပါ။ လျော်ကြေးကိုတော့ ဘယ်လောက်သတ်မှတ်ပေးမှာလဲ ဆိုတာကိုမသိရသေးဘူး။”ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ CEC အဖွဲ့ဝင် ဦးကျော်ထွီးက ပြောသည်။

ယင်းသို့ ရထားလမ်းဖောက်လုပ်ရန်အတွက် သိမ်းဆည်းထားသည့်မြေများနှင့် ပါတ်သက်ပြီး ပြန်လည်စွန့်လွှတ်ခြင်းနှင့် လျော်ကြေးငွေများ ပေးဆောင်မည့် ကိစ္စများအတွက် ဇွန်လ ၂၈ ရက်နေ့က မြောက်ဦးမြို့တွင် တောင်သူများနှင့် သက်ဆိုင်ရာ ဌာနအသီးသီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ရထားလမ်းအတွက် လျော်ကြေးငွေပေးမှာနဲ့ ပြန်လည်စွန့်လွှတ်ပေးမယ့်အတွက် မြောက်ဦးခရိုင်မှာ တောင်သူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဘယ်လိုဆောင်ရွက်မယ်ဆိုတာတော့ ခရိုင်အုပ်ချုပ်ရေးမှူးကပဲ ပြောခဲ့တာပါ။ ကျွန်တော်တို့ အနေနဲ့တော့ လမ်းပိုင်းအတွင်းမှာ မြေဘယ်လောက်က ပြန်ပေးမယ်။ ဘယ်လောက်က စွန့််လွှတ်မယ်ဆိုတာကို တိုင်းတာနေဆဲ ဖြစ်ပါတယ်”ဟု ရထားလမ်းစီမံကိန်းမန်နေဂျာ ဦးဝင်းထွဋ်က ပြောသည်။

အဆိုပါလမ်းပိုင်းမှာ စစ်တွေမှ မင်းဘူးသို့ ဖောက်လုပ်နေသည့် ရထားလမ်းပိုင်းဖြစ်ပြီး ၂၉၃ မိုင်ခန့်ရှည်ကာ စစ်တွေ ဘက်တွင် ၁၁ ဒသမ ၄၅ မိုင်နှင့် မင်းဘူးဘက်တွင် ၄၃ မိုင်ထိ ဖောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း ပြန်လည်စွန့်လွှတ် ပေးမည့် လမ်းပိုင်းနေရာများအတွက် လမ်းသစ်ဖောက်လုပ်မည့် စီမံကိန်းကို မည်သည့်အချိန်တွင် စတင်မည်ကို မသိရသေးကြောင်း ဆက်လက်ပြောကြားသည်။

“သူတို့ပြောသွားတာက မြောက်ဦးမြို့နယ်အတွင်းမှာ ဝေသာလီကနေ ဘုရားအုပ်အထိကို ပြန်ပေးမယ်။ ကျန်တဲ့နေရာ တွေအတွက် လျော်ကြေးငွေပေးမယ်ဆိုပြီး ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိကို လုပ်ကိုင်ခွင့်မရရှိခဲ့တဲ့အတွက် သီးနှံလျော်ကြေးတွေပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါတွေအတွက် အစိုးရဆီကို တင်ပြပေးမယ်လို့တော့ ပြောသွားပါတယ်”ဟု ထမ္မရာဇ်ကျေးရွာမှ တောင်သူဦးသိန်းမောင်က ပြောသည်။

အဆိုပါရထားလမ်းမှာ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဖြတ်သန်းဖောက်လုပ်ထားသည့်အတွက် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ဆက်လက်ဖောက်လုပ်ခြင်းမပြုဘဲ ရပ်တန့်ထားခဲ့ခြင်းဖြစ်ကာ ယင်းမြေများအား ပြန်လည်စွန့်လွှတ်ပြီး လမ်းသစ်စီမံကိန်းတစ်ခုအဖြစ် ဆက်လက်ဖောက်လုပ်မည်ဖြစ်ကြောင်း နှင့် ယင်းရထားလမ်းမှာ ကျောက်ဖြူ-ကူမင်းရထားလမ်းနှင့် ဆက်သွယ်ဖောက်လုပ်မည့် လမ်းပိုင်းတစ်ခု ဖြစ်ကြောင်း လေ့လာသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly