ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့ဝင်များဟု သံသယရှိရသူ ၂၄၄ ဦးကို နိုင်ဂျီးရီးယားစစ်တပ် ပြန်လွှတ်

ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့ဝင်များဟု သံသယရှိရသူ ၂၄၄ ဦးကို နိုင်ဂျီးရီးယားစစ်တပ် ပြန်လွှတ်

 

မိုင်ဒူဂူရီ၊ ဇန်နဝါရီ ၁၇ ။          ။ နိုင်ဂျီးရီးယားနိုင်ငံအတွင်း၌ လူသေဆုံးမှုများပြားသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသည့် အစွန်းရောက်အကြမ်းဖက်အဖွဲ့ ဘိုကိုဟာရမ်အဖွဲ့၏ အဖွဲ့ဝင်များဟု သံသယရှိခဲ့ရသူ လူပေါင်း ၂၄၄ ဦးကို နိုင်ဂျီးရီးယားစစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီဟု တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောဆိုခဲ့သည်။

ပြန်လွတ်လာသူများထဲတွင် အမျိုးသား ၁၁၈ ဦး၊ အမျိုးသမီး ၅၆ဦး၊ ဆယ်ကျော်သက် ၁၉ ဦးနှင့် ကလေးငယ် ၅၁ ဦးတို့ ပါဝင်ကြောင်း စစ်ဆင်ရေးဗိုလ်ချုပ် ရော်ဂျာနစ်ကိုးလပ်စ်က ဆိုခဲ့ပြီး ထိုသံသယရှိရသူများ၏ အကြမ်းဖက်စိတ်ဓာတ်ကို အမြစ်မြေလှန်၍ ပြောင်းလဲပေးခဲ့ရကြောင်း ပြောခဲ့သည်။

လွတ်လာသူများထဲမှ အမျိုးသမီးတစ်ဦးက သူမသည် ဘိုကိုဟာရမ်အဖွဲ့မှ ထမင်းချက်တစ်ဦးဖြစ်သည်ဟု စွပ်စွဲခံ ခဲ့ရပြီး နိုင်ဂျီးရီးယားအာဏာပိုင်များက သူမကို တစ်နှစ်ခန့် ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း ပြောခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံအတွင်း၌ ၈ နှစ်ခန့်ကြာအောင် ဆူပူသောင်းကျန်းနေပြီး လူပေါင်း ၂၀၀၀၀ ကျော်ခန့်ကို သတ်ဖြတ်ခဲ့သည့် ဘိုကိုဟာရမ်အစွန်းရောက်အဖွဲ့အား တဖြည်းဖြည်းဆန့်ကျင်တိုက်ဖျက်နေသည့် သူတို့၏ ကြိုးပမ်းလုပ်ဆောင်မှုများကို ပြသသည့်အနေဖြင့် နိုင်ဂျီရီးယားအာဏာပိုင်များက သံသယရှိရသူများကို ယခုလိုပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

မကြာသေးခင်နှစ်များအတွင်းက နိုင်ဂျီးရီးယားအာဏာပိုင်များသည် ဘိုကိုဟာရမ်အဖွဲ့ဝင်ဟု သံသယရှိရသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ပြီး ထိုသူတို့အား လူများပြည့်သိပ်နေသော စစ်တပ်တန်းလျားမှ အကျဉ်းစခန်း များတွင် ထိန်းသိမ်းထားခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့များ၏အဆိုအရ သံသယဝင်ခံရသူများထဲ၌ အမျိုးသမီးများနှင့် ကလေးငယ်များပါဝင်ပြီး အများစုမှာ ခိုင်လုံသောအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရခြင်းမဟုတ်ကြောင်း သိရသည်။

ဒါ့အပြင် အကျဉ်းချခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူများက သူတို့သည် အာဟာရချို့တဲ့ခဲ့ရသလို အာဏာပိုင်များက သူတို့အား အနိုင်ကျင့်နှိပ်စက်ခဲ့သည့်အတွက် အချို့မှာသေဆုံးသွားခဲ့ကြောင်း ပြောဆိုခဲ့ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags