ကျန်းမာရေး အထူးကောင်းပေမယ့် ဒေါ်နယ်ထရမ့်က ကိုယ်အလေးချိန် ဆယ်ပေါင်ကျော်ခန့် ၀ိတ်ကျချင်နေ

ကျန်းမာရေး အထူးကောင်းပေမယ့် ဒေါ်နယ်ထရမ့်က ကိုယ်အလေးချိန် ဆယ်ပေါင်ကျော်ခန့် ၀ိတ်ကျချင်နေ

 

ဝါရှင်တန်ဒီစီ၊ ဇန်နဝါရီ ၁၇ ။         ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကျန်းမာရေးအထူးကောင်းမွန်သူဖြစ်နေပြီး သိသာမြင်သာ ပြဿနာမရှိကြောင်း၊ သို့သော်လည်း ၎င်းအနေဖြင့် ကိုယ်အလေးချိန် ၂၃၉ ပေါင်အထိ ရှိနေရာ ယခုနှစ်အတွင်း ဆယ်ပေါင်မှ ၁၅ ပေါင်ကြား ကိုယ်အလေးချိန် ကျလိုနေကြောင်း ၎င်း၏ ဆရာဝန်ဖြစ်သူ ဒေါက်တာ ရွန်နီဂျက်ဆန်က မီဒီယာသို့ ဇန်နဝါရီ ၁၆ ရက်တွင် ပြောသည်။

“ထရမ့်က သူရဲ့ ကျန်ရှိသမ္မတ သက်တမ်းအတွက် တာဝန်ဆက်လက်ထမ်းဆောင်နိုင်တဲ့ အခြေအနေမှာပဲ ရှိနေတယ်လို့ ကျွန်တော် မြင်တယ်။ ဒါတင်မကပါဘူး၊ ၂၀၂၀ မှာ နောက်သက်တမ်း ထပ်အရွေးခံရလည်း တာဝန်ထမ်းဆောင်နိုင်ဦးမှာပါ။”ဟု ၂၀၁၃ ခုနှစ်က စတင်ပြီး ယခင်သမ္မတ အိုဘားမား၏ ကျန်းမာရေးကိုပါ စောင့်ကြည့်ကြည့်ရှုခဲ့ရသူဖြစ်တဲ့ စစ်ဆရာဝန် ဂျက်ဆန်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သမ္မတဖြစ်ပြီး ပထမနှစ် ကျန်းမာရေးဆေးစစ်ချက်ကို အသက် ၇၁ နှစ်ရှိ ထရမ့်က ခံယူခြင်းဖြစ်ပြီး ၎င်း၏ ဆရာဝန်ဖြစ်သူ ဂျက်ဆန်က စစ်ဆေးစရာ လိုလောက်အောင် ကျန်းမာရေးပြဿနာ မရှိဟု ဆိုထားသော်လည်း သမ္မတ ထရမ့်၏ တောင်းဆိုချက်ကြောင့် စစ်ဆေးပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“သမ္မတရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော် လုံးလုံး မစိုးရိမ်ဘူး။”ဟု ဂျက်ဆန်က ပြောခဲ့သည်။

ထရမ့်အား ကျန်းမာရေး စစ်ဆေးရာတွင် မေးခွန်းပေါင်း ၃၀ အတွဲဖြင့် အသေးအမွှားပြဿနာကအစ စစ်ဆေးသော Montreal Cognitive Assessment စမ်းသပ်နည်းဖြင့် စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဂျက်ဆန်က ဆိုသည်။

အခြားသော အမေရိကန်သမ္မတများအပေါ် မစစ်ဆေးဘူးသည့် အဆိုပါ စမ်းသပ်နည်းဖြင့် စစ်ဆေးခံခြင်းသည် ထရမ့်က မကြာမီက ထွက်ပေါ်ခဲ့သော စာအုပ်တစ်အုပ်တွင် ၎င်းအား စိတ်ကျန်းမာရေး ပြဿနာရှိသူအဖြစ် စွပ်စွဲထားချက်အပေါ် အသံတိတ် ချေဖျက်လာခြင်း ဖြစ်ပုံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly