ဘရာဇီးအသင်းနှင့်အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သူ ရော်နယ်လ်ဒင်ဟိုဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှစ ဘောလုံးကစားခဲ့ခြင်းမရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ သူဟာ ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ပါတယ်။
၂၀၀၂ ကမ္ဘာ့ဖလားဆုကို ကိုင်မြောက်ခဲ့တဲ့ ဘရာဇီးအသင်းရဲ့ ကစားသမားတစ်ဦးဖြစ်သူ ရော်နယ်လ်ဒင်ဟို (၃၇ နှစ်)ဟာ ၂၀၀၆ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို ဘာစီလိုနာအသင်းနဲ့ ဆွတ်ခူးခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ Balon d'Or ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ပါတယ်။
ရော်နယ်လ်ဒင်ဟိုဟာ ဘောလုံးကစားခြင်းမှ အနားယူသွားတယ်လို့ ၎င်းအကိုနှင့် အေးဂျင့် ရောဘတ်တို အက်စစ်တို့က အင်္ဂါနေ့က အတည်ပြုခဲ့ပြီး တယ်လို့ သိရပါတယ်။
“သူ အနားယူလိုက်ပါပြီ။ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပါပြီ။”လို့ အေးဂျင့် အက်စစ်က ပြောပါတယ်။
ရော်နယ်လ်ဒင်ဟိုဟာ ကစားသမားဘဝကို ၂၀၀၁ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းသို့ မပြောင်းရွှေ့ခင် ဘရာဇီးကလပ် ဂရီမီယိုအသင်းမှာ စတင်ကစားခဲ့ပါတယ်။ သူဟာ ဘာစီလိုနာအသင်းမှာ ငါးနှစ်အကြာ ကစားခဲ့ပြီးနောက် လာလီဂါဖလား နှစ်ကြိမ် ရရှိခဲ့ပြီး အေစီမီလန်အသင်းနှင့်အတူ ၂၀၁၀-၁၁ ရာသီမှာ စီးရီးအေဖလားကို ကိုင်မြှောက်ခဲ့ပါတယ်။
သူဟာ ၂၀၁၁ မှာတော့ ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အက်သလက်တီကို မီနီရို၊ မက္ကဆီကိုကလပ် ကွာရီတီရိုနှင့် ဘရာဇီးကလပ် ဖလူးမီနပ်အသင်းတွေမှာလည်း ကစားခဲ့ပါတယ်။