စစ်ဘေးရှောင်ပြည်သူများကို ပိုမိုကူညီရန် ကက်သလစ်ဆရာတော်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပြောကြား

စစ်ဘေးရှောင်ပြည်သူများကို ပိုမိုကူညီရန် ကက်သလစ်ဆရာတော်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပြောကြား
Photo-Senior General Min Aung Hlaing Facebook

ဇန်နဝါရီ ၁၆ ။          ။ တိုက်ပွဲရှောင်ပြည်သူများအတွက် ကူညီမှုများပိုမို ဆောင်ရွက်ပေးနိုင်ရန်နှင့် ဘေးကင်းလုံခြုံစွာဖြင့် ၎င်းတို့၏နေရပ်သို့ပြန်လည်အခြေချ နေထိုင်နိုင်ရန်အတွက် တပ်မတော်မှကူညီဆောင်ရွက်ပေးစေလိုကြောင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကက်သလစ်ဆရာတော်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယနေ့တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားရာတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တပ်မတော်သည် ထာဝရငြိမ်းချမ်းရေးရရှိရန် အလိုချင်ဆုံး အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်IDP Camp များ မရှိစေလိုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက IDP Camp များကို အကာအကွယ်မယူရန်အရေးကြီးကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့နေရပ်များတွင် ပြန်လည်အခြေချနေထိုင်စေလိုပြီး မိမိတို့တပ်မတော်မှ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်နေကြောင်း ရှင်းလင်းပြောကြားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လူမှုကွန်ယက်တွင် ဖေါ်ပြထားသည်။

ဒီမိုကရေစီစနစ်ဖြင့်လျှောက်လှမ်းနေချိန်တွင် လက်နက်ကိုင်စွဲဖြေရှင်းခြင်းထက် ငြိမ်းချမ်းရေးနည်းလမ်းဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းရင်းသားများအနေဖြင့်   မြန်မာစိတ်မွေးပြီးအားလုံးညီညွတ်မျှတကြရန်လိုကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အရေးကြီးပြီး အဆိုပါအချက်အား တိုင်းရင်းသားအားလုံးနားလည်သိရှိရန်လိုအပ်ကြောင်း၊ မိမိတို့တိုင်းရင်းသားအားလုံး ညီညွတ်မှုရှိရန်လိုအပ်ကြောင်း၊ မိမိနေရာဒေသတစ်ခုတည်းကိုသာမကြည့်ဘဲ ဘက်စုံအမြင် ကျယ်ရန်၊ တစ်နိုင်ငံလုံးနှင့်ခြုံ၍၊ ကမ္ဘာနှင့်ချီ၍ကြည့်ရန်လိုကြောင်း၊ လူငယ်များနှင့် မူးယစ်ဆေးဝါးပြဿနာသည် အဓိကစိန်ခေါ်မှုကြီးတစ်ခုဖြစ်၍ အားလုံးဝိုင်းဝန်းတားဆီးကာကွယ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား စေလိုကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားသည်။

မြစ်ကြီးနားမြို့ကက်သလစ်သာသနာပိုင်ဆရာတော် ဖရန်စစ်ဒေါ့တန်က ၂၀၁၁ ခုနှစ်မှစတင်၍ ယခုအချိန်ထိ တိုက်ပွဲရှောင်ပြည်သူ ၁ သိန်း ၂ သောင်းကျော်ရှိနေပြီး ၎င်းတို့၏နေအိမ်၊ ကျေးရွာများကိုစွန့်ခွာ၍ တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည်မှာ ၇ နှစ်နီးပါးကြာမြင့်လာပြီဖြစ်ကြောင်း၊ အဆိုပါ တိုက်ပွဲရှောင်ပြည်သူများသည် ကျဉ်းကြပ်စွာနေထိုင်ရခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ကင်းမဲ့မှုတို့ကြောင့် မျှော်လင့်ချက်ကင်းမဲ့ပြီးဘဝများ ဖရိုဖရဲဖြစ်ခြင်းများကို ခံစားနေရကြောင်း၊ မြောက်ပိုင်းတွင်လုံခြုံရေးအရတိမ်းရှောင်နေသူများအား ကက်သလစ်အသင်းတော်က လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပံ့ပိုးကူညီလျက်ရှိကြောင်း၊ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဆောင်ရွက်မှုများနှင့်ပံ့ပိုးကူညီမှုများအတွက် လွန်စွာဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

တပ်မတော်သည်တိုင်းရင်းသားများနှင့် မည်သည့်ပြဿနာမှမရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်သာ ငြိမ်းချမ်းရေးဆွေးနွေးနေခြင်းဖြစ်ပြီး ၎င်းတို့မကျေလည်မှုများကိုလည်း လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်ဟုလည်း ဖေါ်ပြထားသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်NCAတွင် လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်သည့် UNFCက  ပြည်တွင်းငြိမ်းချမ်းရေး၏ အဓိကအရင်းခံပြဿနာမှာ နိုင်ငံရေးဖြစ်သောကြောင့် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်သာ ညှိနှိုင်းအဖြေရှာနိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ထားသည်။ လက်ရှိတွင် UNFC၏နိုင်ငံရေးဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)မှ အချက်၉ချက်ကို အဆိုပြုထားပြီး အပြီးသတ် သဘောတူညီမှု မရယူနိုင်သေးသော်လည်း နီးစပ်နေပြီဟု အစိုးရငြိမ်းချမ်းရေးကော်မရှင်(PC)နှင့် DPN တို့က ပြောထားသည်။သို့သော် DPN-PCနဝမအကြိမ်အစည်းအဝေးကို အကြောင်းအမျိုးမျိုးကြောင့်မကျင်းပနိုင်သေးပေ။UNFCအနေဖြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဆုံ၍ တောင်းဆိုထားသည့်အချက် ၉ချက်ထဲမှ ပြေလည်ရန်ကျန်ရှိနေသည့် အချက်များကို ညှိနှိုင်း အဖြေရှာရန် DPNဘက်မှ ကြိုးစားနေကြောင်း  ကြေညာချက်ထုတ်ထားသည်။တပ်မတော်နှင့် သင်းအုပ်ဆရာများ၏ယနေ့တွေ့ဆုံမှုနှင့်ပတ်သက်၍ UNFC၏သဘောထားကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

ယနေ့တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး အထက်မြန်မာပြည် ကက်သလစ်ဂိုဏ်းအုပ်ဆရာတော်နှင့်အတူ လားရှိုးမြို့ကက်သလစ်ဂိုဏ်းအုပ်ဆရာတော် ဖီးလစ်ဇဟောင်း၊ မြစ်ကြီးနားမြို့ကက်သလစ်သာသနာပိုင်ဆရာတော် ဖရန်စစ်ဒေါ့တန်၊ ဗန်းမော်မြို့ကက်သလစ်သာသနာပိုင်ဆရာတော် ရေမွန်ဆွမ်လွတ်ဂမ်တို့ တက်ရောက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly