တောဆင်ရိုင်းများသတ်ဖြတ်ခံရမှု ကာကွယ်ရေးလှုပ်ရှားမှု ရန်ကုန် မြို့တွင် ပြုလုပ်

တောဆင်ရိုင်းများသတ်ဖြတ်ခံရမှု ကာကွယ်ရေးလှုပ်ရှားမှု ရန်ကုန် မြို့တွင် ပြုလုပ်

 

ရန်ကုန် ဇန်နဝါရီ ၁၆ ။           ။ မြန်မာနိုင်ငံတွင် တစ်ပတ်လျှင် ဆင်တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရသည့်အခြေအနေကို ကာကွယ် တားဆီးနိုင်ရန်အတွက် မိုမိုတို့အတွက် ရင်တွင်း စကားသံ VOICES FOR MOMOS လှုပ် ရှားမှုအစီအစဉ်တစ်ခုကို ရန်ကုန်မြို့၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းထောင့်ရှိ Junction City Mall တွင် ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ယင်းလှုပ်ရှားမှုကို WWF - Myanmar အဖွဲ့က ရွှေတောင်လုပ်ငန်းစုနှင့် ပူးပေါင်းပါဝင်လှုပ်ရှားခဲ့ခြင်း ဖြစ်ပြီး၊ မိုမိုတို့အတွက်လှုပ်ရှားမှုကို ထောက်ခံပြီး ဆင်ခန္ဓာကိုယ်မှရသောပစ္စည်းများကို ရောင်းဝယ် အသုံးပြုခြင်းမပြုရန် ဆန္ဒပြုလက်မှတ်များ ကောက် ခံခဲ့ကြသည်။

" ဒီနေ့ပွဲကတော့ VOICES FOR MOMOS ပေါ့နော်၊ ဒီကမ်ပိန်းလေးက ရွှေတောင်နဲ့အတူတူ ပြည်သူလူထုကို ပညာပေးအစီအစဉ်အနေနဲ့ အစ်မ တို့က စပြီးတော့မှ လက်တွဲလုပ်တဲ့ပွဲလေးပေါ့၊ ဒီပွဲ မှာ အစ်မတို့က ဆန္ဒပြုလက်မှတ်ရေးထိုးတဲ့ပွဲလေး တွဲပြီးလုပ်တယ်၊ အခု ၂၀၁၁ တရားဝင် အချက် အလက်တွေအရဆိုရင် ဆင်တွေက ၁၄၀၀ နဲ့ ၂၀၀၀ ကြားမှာပဲရှိတော့တယ်၊ အဲဒီထက်လျော့ နည်းနေပြီလို့လည်းထင်တယ်၊ ၁ ပတ်ကို ၁ ကောင် နှုန်း အသတ်ခံနေရတယ်ဆိုတာက အသတ်ခံရတဲ့ ဦးရေကို ကြည့်မယ်ဆိုရင် ဆင်မတွေလည်းပါ တယ်၊ ဆင်မတွေပါတော့ မျိုးပွားနှုန်းက ကျသွား တယ်" ဟု WWF - Myanmar အဖွဲ့၏ ဒါရိုက်တာ ဒေါ်မေမိုးဝါက ပြောသည်။
 
ယင်းလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လှုပ်ရှားခဲ့သည့် ရွှေတောင်လုပ်ငန်းစုကလည်း မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) ၏ လူထုအသိပညာပေးပွဲများကို ၎င်းတို့၏ ဈေးဝယ် စင်တာများဖြစ်သော Junction Square နှင့် Junction City တို့တွင် ကမ်ပိန်းဗီဒီယိုများနှင့် သတင်းအချက်အလက်များကို ပြသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့မြန်မာနိုင်ငံက ဆင်တွေ မျိုးတုန်း တော့မယ်ဆိုတာ ကြားနေရတယ်၊ နဂိုကတည်းက ကျွန်တော်က တိရိစ္ဆာန်တွေကိုချစ်တယ်၊ ချစ်တော့ အဲဒီလိုမျိုးမဖြစ်စေချင်ဘူး၊ ကျွန်တော်တို့ ထားဝယ် မှာဆိုရင် နယ်ဘက်မှာ ကြားရတာပေါ့နော်၊ ကျွန် တော်တို့ဒေသက ဆင်တွေတောင်မှ ဟိုဘက်နိုင်ငံ ကူးပြီး သွားနေကြရတယ်၊ ဒီဘက်မှာ အဆင်မပြေ ဘူး၊ အစာရေစာပြတ်တာတို့ဘာတို့ အဲဒီလိုမျိုးဟာ တွေ ဖီးလ်ဖြစ်တယ်၊ အဲဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ဖန်တီးဖြစ်တာပေါ့နော်၊ ရှေ့ဆက်ပြီး ဆင်မဟုတ် တဲ့အခြားတိရိစ္ဆာန်တွေအတွက်လည်း လုပ်ပေး ချင် တယ်" ဟု ဂရပ်ဖစ်တီအနုပညာရှင် ကိုအာကာ ကျော်က ပြောသည်။

မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) ဆိုသည်မှာ မြန်မာ့ဆင်များ အမဲလိုက် သတ်ဖြတ် ခံနေရသည့် ပြဿနာကို တုံ့ပြန် ဖြေရှင်းနိုင်ရန်၊ မြန်မာနိုင်ငံရှိ တောရိုင်းတိရစ္ဆာန် ထွက်ပစ္စည်းများ တရားမဝင် ကုန်သွယ်မှု ပြုလုပ်နေသည့် ကိစ္စကို အဆုံးသတ်စေရန် အတွက် ကဏ္ဍအသီးသီးမှ လူတစ်ဦးတစ်ယောက်ချင်း သော်လည်းကောင်း၊ အဖွဲ့အစည်းလိုက် သော်လည်းကောင်း၊ လူထုတစ်ရပ်လုံး ပါဝင်လာစေရန် တိုက်တွန်း အသိပညာပေးသည့် လှုပ်ရှားမှုတစ်ခု ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ စုစုပေါင်း ၆၉ ကောင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် တောဆင်ရိုင်း ကောင်ရေ ၂၀၀၀ ခန့်သာ ကျန်ရှိ တော့သည်ဟု ခန့်မှန်းရပြီး ဆင်မုဆိုးများ၏ သတ်ဖြတ်ခြင်းမှ ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်နိုင် ရန် လိုအပ်နေသည်။ ထို့ပြင် မြန်မာနိုင်ငံနယ်စပ် တရုတ် နိုင်ငံနှင့် လာအို၊ ထိုင်း၊ မြန်မာနယ်စပ် ရွှေတြိဂံဒေသများတွင် တရားမဝင်ဈေးကွက်များ ဖွံ့ဖြိုးနေပြီး ဆင်အရေပြားကို ရိုးရာဆေးမြီးတို များ ဖော်စပ်ရန်နှင့် ဆင်အမြီးများကို ငွေလက်စွပ်အတွင်း ထည့်သွင်း၍ ကံကောင်းစေ သော အဆောင်အဖြစ် အသုံးပြုရန် ရောင်းဝယ် ဖောက်ကားလျှက်ရှိကြောင်း သိရသည်။

တောဆင်းရိုင်းများကို ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် အများဆုံးသတ်ဖြတ်ခြင်း ခံနေ ရပြီး၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်း ရေးဥပဒေအရ လုံးဝကာကွယ်ပေးထားသည့် တော ဆင်ရိုင်းများအနက် ၇ နှစ်အတွင်း ၆၉ ကောင် သတ်ဖြတ်ခံရကြောင်း သစ်တောဦးစီးဌာနက သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly