သိန္နီတွင် ကျပ်သိန်း နှစ်ထောင်ကျော်ရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

သိန္နီတွင် ကျပ်သိန်း နှစ်ထောင်ကျော်ရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

 

ရန်ကုန်၊ ဇန်နဝါရီလ ၁၆ ။       ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့အထွက် အိုရီယမ်တယ် တိုးဂိတ်အနီးတွင် မော်တော်ယာဉ်တစ်စီးအတွင်း ဝှက်ပြီးသယ်လာသည့် ကျပ်သိန်း ၂၄ဝဝ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ယနေ့ ဇန်နဝါရီလ ၁၆ ရက်၊ နံနက် ၆ နာရီအချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။လားရှိုးမြို့နယ်မှ မူးယစ်တပ်ဖွဲ့စု (၂၄) တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါ တိုးဂိတ်အနီး မောင်း နှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုမော်တော်ယာဉ် ကြမ်းခင်းအံဝှက်အတွင်းမှ အလေးချိန် ၁၂ ဒသမ ၅၂၉ ကီလိုခန့်ရှိ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၁၁၃၉ ခွက်၊ စိတ်ကြွရူးသွပ် ဆေးပြား ၄ဝဝဝ ပြားတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါ မော်တော်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ ကျော်ထွန်း(ခ)အိုက်ထွန်းဆိုသူနှင့် စိုင်းလှကျော်ဆိုသူတို့ နှစ်ဦး ကို ဖမ်းဆီးရမိခဲ့ပြီး ရဲတပ်ဖွဲ့မှ ၎င်းတို့နှစ်ဦးကို စစ်ဆေးရာမှ မူးယစ်ဆေးဝါးပိုင်ရှင်ဖြစ်သူ ရယ်အယ်နှင့် ကူကျန်း လျှန်ဆိုသူတို့ နှစ်ဦးမှာ နောက်ကားဖြင့် လိုက်ပါလာခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

ထို့ကြောင့် ရဲပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ရှာဖွေခဲ့ရာ နံနက် ၈ နာရီ၊ ၄၅ မိနစ်အချိန်ခန့် ကွမ်းလုံ- နမ့်စလပ်- သိန္နီမြို့ အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး မူးယစ်ဆေးဝါးပိုင်ရှင်ဖြစ်သည့် ရန်အယ်နှင့် ကူကျန်းလျှန်ဆိုသူတို့နှစ်ဦးအား မော်တော်ယာဉ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိခဲ့သော အသက် ၃၁ နှစ်အရွယ် ကျော်ထွန်း(ခ) အိုက်ထွန်း၊ အသက် ၄၅ နှစ်အရွယ်  စိုင်းလှကျော်၊ အသက် ၂၅ နှစ်အရွယ် ရန်အယ်ဆိုသူနှင့် အသက် ၂၅ နှစ်အရွယ် ကူကျန်းလျှန်ဆိုသူတို့ ၄ ဦးကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly