ဒိုင်လူကြီးကို ၀င်တိုက်မိလို့ အထုတ်ခံရတဲ့ ကစားသမား

ဒိုင်လူကြီးကို ၀င်တိုက်မိလို့ အထုတ်ခံရတဲ့ ကစားသမား

 

 

ပီအက်စ်ဂျီနဲ့ နန့်တက်စ်တို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပြင်သစ်လိဂ်ပွဲစဉ်မှာ နန့်တက်စ်နောက်ခံလူ ဒီယေဂိုကားလို့စ်ဟာ ဒိုင်လူကြီးကို ဝင်တိုက်မိလို့ ပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

အဲ့ဒီအချိန်မှာ နန့်တက်စ်အသင်းက ၁-၀ ဂိုးနဲ့ရှုံးနေချိန်ဖြစ်ပြီး ချေပဂိုးရဖို့ အသည်းအသန်ကြိုးပမ်းနေချိန်ဖြစ်ပါတယ်။

ဒီယေဂိုဟာ သူ့အသင်းတန်ပြန်တိုက်စစ်ဆင်ချိန်မှာ ပြိုင်ပွဲအပေါ်အာရုံစိုက်မိနေပြီး ဒိုင်လူကြီးကို မတော်တဆဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ တကယ်ကို မတော်တဆဖြစ်ပေမယ့် ချော်လဲသွားတဲ့ ဒိုင်လူကြီးက စိတ်ဆိုးဒေါသထွက်ကာ ဒီယေဂိုရဲ့ ခြေထောက်ကိုတောင် ပြန်ကန်ခဲ့ပါသေးတယ်။ ပြီးတော့ မတ်တပ်ထကာ ဒီယေဂိုကို ဒုတိယအဝါကတ်ပြပြီး ၂ ဝါ ၁ နီနဲ့ပြိုင်ပွဲကနေထုတ်ပယ်ခဲ့ပါတယ်။

ဒါက တကယ်ကိုဟာသပါပဲ။ ဒီအဖြစ်အပျက်ကိုကြည့်ပြီး တစ်ကမ္ဘာလုံးက ဒိုင်လူကြီးရဲ့လုပ်ရပ်ကို ဟာသအနေနဲ့ပြောဆိုကြပါလိမ့်မယ်။ ခင်ဗျားတို့က ကျွန်တော့်ကို ဘာပြောစေချင်ကြတာလဲ။ ဒီထက်ပိုပြီးပြောရင် ကျွန်တော့်ကို စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဆင့်ခေါ်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်ဒီထက်ပိုပြီး မပြောနိုင်ပါဘူး” လို့ နန့်တက်စ်အသင်းဥက္ကဋ္ဌ ဝယ်ဒီမာကီတာက ပြောခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ ဒီမာရီယာရဲ့တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ နန့်တက်စ်ကို အဝေးကွင်းမှာ အနိုင်ရသွားခဲ့ပါတယ်။

ဒီအနီကတ်နဲ့ပတ်သက်လို့ ဝေဖန်ပြောဆိုမှုတွေရှိနေကြပေမယ့် ဒိုင်လူကြီးတိုနီချာပရွန်က ဒီယေဂိုကားလို့စ်ကို ပြန်လည်တောင်းပန်လိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကလည်း ဒီယေဂိုကားလို့စ်ရဲ့ အနီကတ်ကို ပြန်လည်ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required