YBSဒုတိယနှစ်အတွင်း ကားရပ်နားကွင်းနှင့် ဘတ်စ်ကားချိတ်ဆက်ရေးကိစ္စများ ဆောင်ရွက်မည်

YBSဒုတိယနှစ်အတွင်း ကားရပ်နားကွင်းနှင့် ဘတ်စ်ကားချိတ်ဆက်ရေးကိစ္စများ ဆောင်ရွက်မည်
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

ရန်ကုန်၊ ဇန်နဝါရီ ၁၆ရက် ။                       ။ YBS ဒုတိယနှစ်အတွင်း ယာဉ်များညအိပ်ရပ်နားရန်နေရာများကိစ္စ၊ ဘတ်စ်ကားများပြောင်းလဲစီးရာတွင် ချိတ်ဆက်ပေးနိုင်ရေးကိစ္စအပါအဝင် YBSနှင့်အခြားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့်ချိတ်ဆက်ရန် အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က မီဒီယာများကို ပြောကြားခဲ့သည်။

ရန်ကုန်ဘတ်စ်ကားစနစ်(YBS) တစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့ ဇန်နဝါရီ၁၆ရက်နေ့တွင် ရန်ကုန်မြို့ Sky Starဟိုတယ်၌ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲ၌မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

"အန်တီတို့ရဲ့တစ်နှစ်စီမံကိန်း၊ ဒုတိယနှစ်စီမံကိန်း ဒီလိုမျိုးတွေနဲ့တစ်ဆင့်ချင်း အောင်မြင်သထက်အောင်မြင်အောင် ဆောင်ရွက်သွားမှာပါ။ အန်တီတို့ရဲ့ဆောင်ပုဒ်ကတော့ အန်တီတို့ YRTA ဖြစ်စေ YBS ဖြစ်စေ ပြည်သူအတွက်ဖြစ်ပါတယ်၊ ဒါပါပဲ"ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)၏ ဥက္ကဌတာဝန်ယူထားသူ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မီဒီယာများကို ပြောကြားခဲ့သည်။

YBSစနစ် အဆင်မပြေသေးခြင်းသည် နိုင်ငံရေးပယောကပါဝင်နေကြောင်း YBSစတင်ပြီး ၄လအကြာ ၂၀၁၇ ဧပြီလ ၂၇ရက်နေ့၌ ပြောကြားခဲ့ဖူးသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုပါ YBSစနစ်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ယနေ့မိန့်ခွန်းတွင်ပြောသည်။

"အခုဆိုရင်ကျွန်တော်တို့တစ်နှစ်တာကာလပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီတစ်နှစ်တာကာလအတွင်းမှာအကောင်းဆုံး ဆောက်ရွက်ပေးနိုင်တဲ့အခြေအနေတစ်ခုဖြစ်ဖို့အတွက်ကြိုးစားပါတယ် ။ ကျွန်တော်တို့YBSကနေပြီးတော့ ရန်ကုန်သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ကနေ YBSလိုမျိုးဘဲ တက္ကစီစနစ်ကိုလည်းပဲ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ Water Busစနစ်ကိုလည်းပဲ ပိုမိုတိုးတက်ကောင်းမွန်လာဖို့ အခြားအခြားသော အများပြည်သူသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်းပဲ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

YBSစနစ်နှင့်ပတ်သတ်၍ ကိုင်တွယ်နေသော ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှ အတွင်းရေးမှူးဒေါက်တာမောင်အောင်က YBSစနစ်မှာ YRTA၏ မူလရည်မှန်းချက်အတိုင်း ၇၀%အောင်မြင်သည်ဟု ဆိုသည်။

"ဆရာပြောချင်တာက အကုန်လုံးကိုချုံပြောမယ်ဆိုရင်တော့ ၇၀%ကျော်လောက်က အောင်မြင်တယ် ။ ဒါပေမယ့်ပြောင်းလဲမှုပေါ့နော် ။ ဆရာတို့ YRTAရဲ့အဓိကရည်ရွယ်ချက်ပေါ့  ။ ပြည်သူလူထုကိုဝန်ဆောင်မှုကောင်းတဲ့ဘတ်စ်ကားစနစ်ပေးဖို့၊ ဝန်ဆောင်မှုကောင်းတယ်ဆိုတဲ့နေရာမှာ လုံခြုံစိတ်ချရမယ် သက်တောင့်သက်သာရှိရမယ် ခရီးလမ်းကြောင်းပဲဖြစ်ဖြစ် မှတ်တိုင်ပဲဖြစ်ဖြစ် အကုန်လုံးကမြင်သာရမယ် အဲဒီဟာတွေပေါ့၊ တော်တော်များများကအောင်မြင်တယ် လက်ရှိအချိန်မှာလည်းအခက်အခဲတွေရှိနေတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)၏ အတွင်းရေးမှူးဒေါက်တာမောင်အောင်က ပြောသည်။

လက်ရှိအချိန်၌ ရန်ကုန်မြို့တွင်ပြေးဆွဲနေသော ဘတ်စ်ကားများ၏တစ်ဝက်ကျော်သည် ဘတ်စ်ကားအသစ်များဖြစ်နေပြီဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)၏ အတွင်းရေးမှူးဒေါက်တာမောင်အောင်က မီဒီယာများကို ဖြေကြားခဲ့သည်။

ရန်ကုန်မြို့ရှိဘတ်စ်ကား ၅၃၁၉စီးအနက် ဘတ်စ်ကားအသစ်အစီးရေမှာ ၂၁%ရှိနေသည်ကို တွေ့ရသည်။ ကျန်စီးတီးဘတ်စ်များမှာ ၅၇% နှင့် မီနီဘတ်စ်မှာ ၂၂% ရှိနေသည်။

"ဥပမာဆိုရင် အခုအများပိုင်စနစ်သာပြောတယ် ဒီကားရဲ့ Owner ဘုတ်ကိုကြည့်လိုက် Ownerရဲ့နာမည်ဖြစ်ရင်ဖြစ်မယ်။ Importလုပ်လာတဲ့ကုမ္ပဏီဖြစ်ရင်ဖြစ်မယ် ။ဘဏ်ကပိုက်ဆံချေးရင်လည်း Warrantyလုပ်ထားတာက Ownerကိုပဲ Warrantyလုပ်ထားတာ ဒါကတကယ်ပဲအများပိုင်စနစ်လို့ပြောလို့မရဘူး"ဟု YBS စီအီအို ဦးစောဘိုဘိုက ပြောသည်။

ထို့ကြောင့် YBSစနစ်ရှိ Ownerပိုင်ကားများကိုပါ အများပိုင်စနစ်ဖြစ်စေရန် ၃လအတွင်းပုံစံတကျဖြစ်စေပြီး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဦးစောဘိုဘိုကဆိုသည်။

မထသစနစ်မှ YBSစနစ်သို့ ၂၀၁၇ဇန်နဝါရီ ၁၆ရက်နေ့မှစတင်ကာ ပြောင်းလဲလာခဲ့ရာ YBSစနစ်အတွင်း ကုမ္ပဏီပေါင်း ၂၀ကျော် ယာဉ်လိုင်းပေါင်း ၉၀ကျော်နှင့် ယာဉ်အစီးရေ ၅၀၀၀ကျော်တို့ဖြင့် လက်ရှိအချိန်၌ ပြေးဆွဲနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags