လူငယ်နဲ့ မြန်မာစာပေ အရေးအသား အမှားပြဿနာ (၁)

.

ကမ္ဘာပေါ်က ယဉ်ကျေးမှုမြင့်မားတဲ့ ဘယ်လူမျိုးမဆို ကိုယ်ပိုင်စာပေဆိုတာ ရှိကြတာချည်းပါပဲ။ ယဉ်ကျေးမှု မမြင့်မားသေးတဲ့ လူမျိုးစုလေးတွေဟာလည်း ကိုယ်ပိုင်စာပေ အရေးအသားကို တီထွင်လာကြရမှာ မလွဲပါဘူး။

ကိုယ်ပိုင်စာပေအရေးအသား ရှိလာကြတဲ့ ဘယ်လူမျိုးမဆို လက်ရှိ ရေးသားနေတဲ့ စာပေအရေးအသားကို တစ်ရက်တည်း တမနက်တည်းနဲ့ တီထွင်ရေးသားနေခဲ့ကြတာ မဟုတ်ဘဲ ရက်ပေါင်း လပေါင်း နှစ်ပေါင်းများစွာအတွင်း သူတို့ရဲ့စာပေအရေးအသား ကောင်းမွန်သထက် ကောင်းမွန်အောင် လွယ်ကူသထက်လွယ်ကူအောင် ကြွယ်ဝသထက်ကြွယ်ဝအောင် တဆင့်ပြီးတဆင့် တထစ်ပြီးတထစ် အချိန်ယူ ပြုပြင်တီထွင်လာခဲ့ကြရတာချည်းပါပဲ။

အခြေခံကျကျ အနှစ်ချုပ်ပြီးပြောရမယ်ဆိုရင် ဘယ်လူမျိုးမဆို ကိုယ့် ကိုယ်ပိုင်စာပေအရေးအသားကို အစဉ်မပြတ် ပိုမိုကောင်းမွန်ပြည့်စုံလွယ်ကူအောင် တီထွင်လာနေကြတဲ့အလုပ်ဟာ စာပေအမျိုးအစားတစ်ခု ဆက်လက် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အဓိကအကျဆုံး အလုပ်ပဲဖြစ်ပါတယ်။

ဒါပေမယ့် စာပေအရေးအသားတစ်ခု ဆက်လက်ဖွံ့ဖြိုးတိုးတက်ဖို့ တီထွင်လောင်း ဖြည့်ကြရာမှာ စနစ်ကျရပါမယ်။ အရိုးပေါ်အရွက်မဖုံးအောင် လုပ်ကြရပါမယ်။ အဟောင်းကြေမှ အသစ်ဖွေလို့ရမယ်လို့ ခံယူထားကြရပါမယ်။ ဒီ အခြေခံသဘောထားနဲ့ လွဲချော်ပြီးမှ တီထွင်တဲ့ အခြားတီထွင်မှုဟူသမျှဟာ မိမိတို့ရဲ့စာပေကို ဖွံ့ဖြိုးတိုးတက်စေရာ မရောက်စေပဲ စာပေအရေးအသားတစ်ခု လျော့ရဲပျက်ဆီး ကျဆုံးစေတဲ့အထိ ဖြစ်သွားစေနိုင်တယ်ဆိုတဲ့အချက်ကို အထူးဂရုပြုရမယ်။ ဒီအချက်ဟာ ယဉ်ကျေးမှုမြင့်မားတဲ့ လူမျိုးတမျိုး ယဉ်ကျေးမှု ပြန်လည်နိမ့်ပါးစေနိုင်တယ်ဆိုတဲ့အခြေအနေအထိ ရောက်သွားစေနိုင်တယ်ဆိုတာ နားလည်ထားရပါလိမ့်မယ်။

ဒီကနေ့ မြန်မာလူငယ်တွေဟာ မြန်မာစာအရေးအသား အမှားအယွင်းပြဿနာကို အများဆုံး ရင်ဆိုင်ဖြတ်သန်း လာနေကြရတယ်လို့ ကျနော်မြင်ပါတယ်။ ဥပမာ ပြရမယ်ဆိုရင်လည်း ဥပမာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် လွယ်လွယ်နဲ့နားလည်နိုင်ပြီး ကျနော်တို့အားလုံး နေ့စဉ်တွေ့ထိနေရတဲ့ မီဒီယာနယ်ပယ်ထဲက ဥပမာတချို့နဲ့ပဲ ကျနော် စပြောချင်ပါတယ်။ အဲဒီဥပမာတွေအပေါ်မူတည်ပြီး လိုအပ်တဲ့ဆွေးနွေးမှုတွေကို ကျနော်တို့ ဆက်သွားကြတာပေါ့။

ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက မြန်မာစာအရေးအသား အမှားနှစ်ခုကို ကျနော်ဖတ်ခဲ့ရပါတယ်။ တစ်ခုက သဒ္ဒါအမှားဖြစ်ပြီး နောက်တစ်ခုကတော့ စကားလုံးပေါင်းသတ်ပုံအမှားဖြစ်ပါတယ်။ ဒီဥပမာတွေဟာ နိစ္စဓူဝ နေ့တိုင်းတွေ့နေကြရတာဖြစ်လို့ တချို့ဆိုရင် ဒါကိုပဲ ရေးနည်းအမှန်ထင်ပြီး အမှားကြာ အမှန်ဖြစ်ဆိုတာမျိုး ခေါက်ရိုးကျိုးအမှားတွေဖြစ်လာနေသလားလို့တောင်မှ ထင်မိပါတယ်။

လွန်ခဲ့တဲ့ ရက်အတွင်းက သတင်းခေါင်းစဉ်တစ်ခု ကျနော် ဖတ်ရပါတယ်။

“အသက် ၁၄ နှစ်သာရှိသေးတဲ့မိန်းကလေး အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံရ” ဆိုတဲ့သတင်းခေါင်းစီးဖြစ်ပါတယ်။ ဒီခေါင်းစဉ်အရဆိုရင် တရားစွဲခံရသူဟာ အဓမ္မပြုကျင့်ခံရသူ မိန်းကလေးကိုယ်တိုင်ဖြစ်နေတာ တွေ့ရမှာပါ။ တကယ်တော့ အသက် ၁၄ နှစ်သာရှိသေးတဲ့မိန်းကလေးကို အခြားသူတစ်ဦးဦးက အဓမ္မပြုကျင့်သည့်အတွက် အဲဒီအဓမ္မပြုကျင့်သူ တရားစွဲခံရတဲ့သတင်းဖြစ်ပါတယ်။ “အသက် ၁၄ နှစ်သာရှိသေးသူမိန်းကလေးအား အဓမ္မပြုကျင့်သူ ကိုမောင်လှ တရားစွဲခံရ” ဆိုပြီး ခေါင်းစဉ်အဓိပ္ပါယ်ရှင်းအောင် ရေးရမယ့်အစား အသက် ၁၄ နှစ်သာရှိသေးတဲ့မိန်းကလေး အဓမ္မပြုကျင့်မှုဖြင့် တရာစွဲခံရဆိုပြီး လိုအပ်တဲ့ပုဒ်ဆက်တွေ ပြည့်စုံအောင်မထည့်၊ သဒ္ဒါအထားအသိုအမှားကြောင့် အဓိပ္ပါယ်လွဲသွားရတဲ့ ခေါင်းစဉ်မျိုးဖြစ်ပါတယ်။

ဥပမာ “ရုတ်မာရက်စက်သော ဗိုလ်ချုပ်အောင်ဆန်းအား ဂဠုန်ဦးစောသည် လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် သေဒဏ်ကျခံသွားရ၏” ဆိုတဲ့စာကြောင်းမှာ စာလုံးပေါင်းသတ်ပုံ တစ်ခုမှမမှားသော်ငြားလည်း သဒ္ဒါအထားအသိုမှားယွင်းနေတာ တွေ့ကြရမှာပါ။ အမှန်မှာ “ရုတ်မာရက်စက်သော ဂဠုန်ဦးစောသည် ဗိုလ်ချုပ်အောင်ဆန်းအားလုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် သေဒဏ်ကျခံသွားရ၏” လို့ရေးမှသာ သဒ္ဒါအထားအသိုမှန်ပြီး အဓိပ္ပါယ်အမှန်ရောက်မှာပါ။ ဒါကတော့ သဒ္ဒါအထားအသိုအမှား ဖြစ်ပါတယ်။ လွယ်တဲ့လို့ထင်ရပေမယ့် နေ့တိုင်းလိုတွေ့နေကြရတဲ့ အရေးအသားအမှားဖြစ်ပါတယ်။

နောက် ဥပမာကတော့ စာလုံးပေါင်းသတ်ပုံအမှားဖြစ်ပါတယ်။

ဒါကတော့ မိန်းကလေးတစ်ယောက်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးတင်ထားတဲ့စာပုဒ်ကလေးပါပဲ။

“မနက်မိုးမလင်းခင်ထဲက ကျမ မပျော်ပါဘူး။ ရေတစ်ခွက် ခက်သောက်တော့လည်း ရင်ထဲက အပူက မရော့စေပါဘူး။  မနေ့တုန်းကဖြစ်ခဲ့ရတဲ့ အဖြစ်အပျတ်တစ်ခုက ကျမရင်ထဲ စွဲနေတုန်းမို့ ကျမ မပျော်ပါဘူး။ သူနဲ့ကျမ အခုလို အခန့်မသင့် ဖြစ်ကြတာတွေ ရှိခဲ့ဘူးပေမဲ့ ဒီတစ်ခါတော့ ကျမ တော်တော်စိတ်ပျတ်မိပါတယ်။ ကျမတို့ နှစ်ယောက်စလုံး ဘယ်သူမှားတယ်ဆိုတာထက် ဒီလို ခနခန ကြုံနေရတာကို ကျမ စိတ်ကုန်ပြီလေ…”ဆိုတဲ့ စာပိုဒ်ဖြစ်ပါတယ်။

ဒီစာပိုဒ်ထဲမှာ စကားလုံးအမှားတွေ ကွင်းစကွင်းပိတ်နဲ့ ကျနော် ပြထားလိုက်ပါတယ်။ ဖတ်ကြည့်ပါ။

မနက်မိုးမလင်းခင်(ထဲ)က ကျမ မပျော်ပါဘူး။ ရေတစ်ခွက် (ခက်)သောက်တော့လည်း ရင်ထဲက အပူက မ(ရော့)စေပါဘူး။  မနေ့တုန်းကဖြစ်ခဲ့ရတဲ့ အဖြစ်အ(ပျတ်)တစ်ခုက ကျမရင်ထဲ စွဲနေတုန်းမို့ ကျမ မပျော်ပါဘူး။ သူနဲ့ကျမ အခုလို အ(ခတ်)မသင့်ဖြစ်ကြတာတွေ ရှိခဲ့(ဘူး)ပေ(မဲ့) ဒီတစ်ခါတော့ ကျမ တော်တော်စိတ်(ပျတ်)မိပါတယ်။ ကျမတို့ နှစ်ယောက်စလုံး ဘယ်သူမှားတယ် ဆိုတာထက် ဒီလို (ခနခန) ကြုံနေရတာကို ကျမ စိတ်ကုန်ပြီလေ…ဆိုတဲ့ စာပိုဒ်ဖြစ်ပါတယ်။ အဲဒီ ကွင်းစကွင်းပိတ်ပြထားတဲ့ စကားလုံးတွေဟာ မှားယွင်းစွာ ပေါင်းထားတဲ့ စကားလုံးတွေဖြစ်ပါတယ်။ အမှန်မှာ အောက်ပါ ညီမျှခြင်းပေးထားတဲ့ စကားလုံးပေါင်းအမှန်များနဲ့သာ ရေးရမှာဖြစ်ပါတယ်။

ခက်= ခပ်

ရော့= လျော့

ပျတ်= ပျက်

ဘူး= ဖူး

မဲ့= မယ့်

ခတ်= ခန့်

ခနခန= ခဏခဏ

ဒါလည်း အင်မတန်လွယ်ပေမယ့် နေ့တိုင်းမှားရေးနေကြတဲ့ စကားလုံးပေါင်းအမှားတွေ ဖြစ်ပါတယ်။

ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ။

နောက်နေ့ကြရင်တော့ စကားလုံးအမှားကြောင့် အဓိပ္ပါယ်လွဲ လိုရာမရောက် မလိုရာရောက်စေတဲ့ စာအရေးအသားတချို့ ဆက်ပြီးဆွေးနွေးသွားပါအုန်းမယ်။

လူငယ်တွေ မြန်မာစာပေအရေးအသား မှန်ကန်လှပ ကြွယ်ဝနိုင်ကြပါစေ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)