အမေရိကန်တွင် သားသမီး ၁၃ ဦးကို ချုပ်နှောင်လှောင်ပိတ်ထားသည့် မိဘများအား ဖမ်းဆီးစစ်ဆေး

အမေရိကန်တွင် သားသမီး ၁၃ ဦးကို ချုပ်နှောင်လှောင်ပိတ်ထားသည့် မိဘများအား ဖမ်းဆီးစစ်ဆေး

ဇန်နဝါရီ ၁၆  ။              ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် သားသမီး ၁၃ ဦးအား နေအိမ်တွင်း ချုပ်နှောင်လှောင်ပိတ်ထားမှုဖြင့် လင်မယားစုံတွဲတစ်တွဲကို ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

၎င်းတို့ စုံတွဲ ချုပ်နှောင်ထားရှိသည့် ကလေးငယ် ၁၃ ဦးမှာ အာဟာရပြတ်လပ်နေတာကိုပါ တွေ့ရှိရပြီး တစ်ချို့မှာ အမှောင်ခန်းတွင်းရှိ ခုတင်များပေါ်တွင် သံခြေကျင်းများပင် အခတ်ခံထားရသည်ကို ရဲက စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ နေအိမ်မှ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်က ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ၉၁၁ သို့ ဖုန်းဆက်အကြောင်းကြားခဲ့ရာမှ ရဲက သိရှိသွားကာ ယခုဖြစ်စဉ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ မွေးချင်း မောင်နှမ များ ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ရဲကို ဖုန်းဆက်အကြောင်းကြားခဲ့သည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးသည်လည်း အလွန်ပင် ပိန်လှီချည့်နဲ့နေခြင်းကြောင့် မူလက သူမကို အသက် ၁၀ နှစ်ခန့်သာ ရှိမည်ဟု ထင်ခဲ့မိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ကယ်လီဖိုးနီးယားပြည်နယ် ပါရစ်မြို့ရှိ နေအိမ်တစ်လုံးတွင် ချုပ်နှောင်ခံထားရသည့် အဆိုပါ ၁၃ ဦးမှာ အသက် နှစ်နှစ်မှ ၂၉ နှစ်အထိ ရှိကြကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

" လောလောဆယ် စစ်ဆေးနေဆဲပါ၊ ဒီဖြစ်စဉ်မှာ ကလေးအများစုက သံခြေကျင်းတွေ၊ ချိန်းကြိုးတွေနဲ့ အခတ်ခံထားရပြီး အနံ့အသက်မကောင်းတဲ့ အမှောင်ခန်းထဲ ပိတ်လှောင်ခံထားရတာကို တွေ့ရတယ်၊ ကလေးတွေကို ဒီလိုမျိုး ဘာကြောင့် ချုပ်ထားရတာလဲ မိဘတွေဘက်ကတော့ ခိုင်လုံတဲ့ အဖြေ မပေးနိုင်သေးပါဘူး" ဟု ရဲက ထုတ်ပြန်သည်။

ဖုန်းဆက်အကြောင်းကြားခဲ့သည့် မိန်းကလေး၏ သတင်းပေးမှုကြောင့် ယင်းအိမ်သို့ ရဲက ချက်ချင်းသွားရောက်စစ်ဆေးခဲ့ရာတွင် အိမ်တွင်း၌ ချုပ်နှောင်ခံရလျက်သား တွေ့ရှိရသူများအနက် ခုနှစ်ဦးမှာ အသက် ၁၈ နှစ်မှ ၂၉ အပိုင်းအခြား လူငယ်များ ဖြစ်နေသည်ကို တွေ့ခဲ့ရခြင်းကြောင့် အံ့အားသင့်ခဲ့ရသည်ဟု ဆိုသည်။ ချုပ်နှောင်ခံထားရသူများမှာ အာဟာရပြတ်လပ်နေပြီး အလွန်ပင် ညစ်ပတ်ပေရေနေသည်ကိုပါတွေ့ခဲ့ရသည်ဟု သိရသည်။

ယခုဖြစ်စဉ်တွင် မိဘများဖြစ်သော အသက် ၅၇ နှစ်အရွယ် ဒေးဗစ် အလန် တာပင်နှင့် အသက် ၄၉ နှစ်ရှိ လူ့ဝစ် အန်နာ တာပင်တို့ ဇနီးမောင်နှံအား သားသမီး ၁၃ ဦးကို ချုပ်နှောင်မှု၊ ညှင်းပန်းနှိပ်စက်မှုတို့ဖြင့် ရဲက ဖမ်းဆီးထားလိုက်ပြီဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required