ကိုလံဘီယာမှာ ဆောက်လက်စ တံတားပြိုကျမှုဖြစ်ပြီး အလုပ်သမား ၁၀ ဦးထက်မနည်း သေဆုံး

ကိုလံဘီယာမှာ ဆောက်လက်စ တံတားပြိုကျမှုဖြစ်ပြီး အလုပ်သမား ၁၀ ဦးထက်မနည်း သေဆုံး

ဇန်နဝါရီ ၁၆ ။             ။ ကိုလံဘီယာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က ဆောက်လက်စ တံတားတစ်စင်း ပြိုကျမှု ဖြစ်ပြီး အနည်းဆုံး အလုပ်သမား ဆယ်ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ပြိုကျသွားခဲ့တဲ့ တံတားကတော့ မြို့တော် ဘိုဂိုတာနဲ့ ဗီလာဗီဆန်စီယို မြို့ကို ဆက်သွယ်တည်ဆောက်နေတဲ့ တံတားဖြစ်တယ်လို့လည်း အကူအညီပေးရေး အေဂျင်စီတွေက ပြောပါတယ်။

ယင်းအချိန်က လုပ်ငန်းခွင် ဆိုဒ်ထဲမှာ အလုပ်သမား ၂၀ လောက် ရှိနေချိန်မှာပဲ တံတားရဲ့ အစိတ်အပိုင်းတစ်ချို့ ရုတ်တရက် ပြိုကျသွားခဲ့တာဖြစ်တယ်လို့ ကိုလံဘီယာ သဘာဝဘေးစီမံခန့်ခွဲမှု ဌာနမှ ညှိနှိုင်းရေးမှူး ဟွမ် ကားလို့စ် ဂက်ဇ်မန်က ပြောပါတယ်။

မြို့တော်ကနေ ၆၅ ကီလိုမီတာအကွာမှာ ရှိတဲ့ အဆိုပါ တောင်ကြားဖြတ် တံတားပြိုကျသွားမှုကြောင့် အောက်ခြေအနိမ့်ပိုင်းဘက်မှာ ရှိနေခဲ့ကြတဲ့ ဂဟေဆော်အလုပ်သမားတွေ   သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယင်းတံတားပြိုကျမှုကြောင့် အခြား အလုပ်သမား ရှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့လည်း သိရပါတယ်။

ယင်း ဖြစ်စဉ်ဖြစ်ပြီးပြီးချင်းမှာပဲ ပို့ဆောင်ရေးဝန်ကြီး ဂျာမင် ကာဒိုနာလည်း ယင်းဆောက်လုပ်ရေး ဆိုဒ်ကို ရောက်ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်လကြာတုန်းကလည်း ယင်းတံတားစီမံကိန်းဆီ သမ္မတ ဟွမ် မန်နျူရယ် ဆန်တို့စ်လည်း လာရောက်စစ်ဆေးကြည့်ရှုထားခဲ့သေးတယ်လို့သိရပါတယ်။

တံတား ပြိုကျသွားရတဲ့အကြောင်းရင်းကို တော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required