မကွေးကျောင်းဆရာတော်အမှု ပိတ်သိမ်းနိုင်မှု မရှိခြင်းမှာ တရားလိုက နိုင်ငံတော်ဖြစ်နေခြင်းကြောင့်ဟုပြော

မကွေးကျောင်းဆရာတော်အမှု ပိတ်သိမ်းနိုင်မှု မရှိခြင်းမှာ တရားလိုက နိုင်ငံတော်ဖြစ်နေခြင်းကြောင့်ဟုပြော

 

ရန်ကုန် ဇန်နဝါရီ ၁၅ ။               ။ မကွေးကျောင်းဆရာတော်အမှုအား ပိတ်သိမ်းနိုင်မှု မရှိခြင်းမှာ တရားလိုက နိုင်ငံတော်ဖြစ်နေပြီး၊ အစိုးရ ဝန်ထမ်းများမှာ ဥပဒေအထက်ရောက်ခွင့် ရှိနေခြင်းကြောင့် ဖြစ်သည်ဟု မကွေးကျောင်းဆရာတော် ဦးပါမောက္ခ အမှုကူညီဆောင်ရွက်သူများအဖွဲ့မှ ဦးအောင်မြိုင်က ပြောသည်။

ဆရာတော်ဦးပါမောက္ခကို မတရားဖမ်းဆီး၊ ညှင်း ပန်းနှိပ်စက်အနိုင်ကျင့်နေသည်ဟုဆိုကာ နိုင်ငံ တော်အကြီးအကဲများထံသို့ တင်ပြတိုင်ကြားထားခြင်းနှင့် ပတ်သက်၍ ယနေ့ ဇန်နဝါရီလ ၁၅ ရက် နေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီး၊ စီးတီးစတား ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

" သာမန်အရပ်သားတစ်ယောက်က တရားလိုပြုပြီး သာမန်အရပ်သားတစ်ယောက်ကို တရားခံအဖြစ် စွပ်စွဲတဲ့အမှုဆိုရင် ဒီအမှုက ပြီးသွားပြီ၊ ပလပ်ပြီးပြီ၊ ဘာကြောင့်တုန်းဆိုရင် တရားလိုလက်မှတ် မမှန်ဘူး လို့ တရားလိုကိုယ်တိုင်ထွက်ပြီးသွားပြီ၊ အခုက နိုင်ငံတော်အစိုးရရဲ့ အစိုးရအဖွဲ့ဝင်ဝန်ထမ်းတွေက တရားလိုလုပ်ထားတော့ နိုင်ငံတော်နဲ့ဆရာတော်၊ ဆရာတော်နဲ့နိုင်ငံတော် တရားလို တရားခံဖြစ်နေ တော့ ဒီအစိုးရဝန်ထမ်းတွေက ဥပဒေအထက်မှာ ရောက်ခွင့်ရပြီးတော့ ဖြစ်နေလို့ ဒီအမှုမပိတ် မသိမ်း နိုင်ပဲဖြစ်နေတာ" ဟု ဆရာတော်ဦးပါမောက္ခအမှု ကူညီဆောင်ရွက်သူများအဖွဲ့မှ ဦးအောင်မြိုင်က ပြောသည်။

မကွေးကျောင်းဆရာတော်ဦးပါမောက္ခအား တရား စွဲဆိုဖမ်းဆီးစစ်ဆေးနေခြင်းကိစ္စနှင့်ပတ်သက်၍ မကွေးကျောင်းဆရာတော်ဦးပါမောက္ခအမှု ကူညီ ဆောင်ရွက်သူများအဖွဲ့နှင့် ဆရာတော်အား ဝန်ရံ ကြသူများက ဇန်နဝါရီလ ၈ ရက်နေ့က နိုင်ငံတော် အကြီးအကဲများထံသို့ တင်ပြတိုင်ကြားခဲ့သည်။

ယင်းတိုင်ကြားစာတွင် ဆရာတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို အားပေး ထောက်ခံသူတစ်ဦးဖြစ်ကြောင်း၊ ဆရာတော်သည် မဘသအဖွဲ့ဝင်တစ်ဦး မဟုတ်ကြောင်း၊ နိုင်ငံတော် အကြည်ညိုပျက်အောင် ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ ဆရာတော်၏အမှုတွင် တရားလိုကိုယ် တိုင် ဦးတိုက်လျှောက်ထားလွှာပေါ်က လက်မှတ် မှာ ၎င်း၏လက်မှတ်မဟုတ်ကြောင်း ငြင်းဆိုထား သည့်အတွက် တရားလိုအဖြစ်တရားစွဲသူမရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်ကြောင်းနှင့် နိုင်ငံ တော်အကြီးအကဲများက အမြန်ဆုံး မှန်ကန်စွာ စစ်ဆေးပေးရန် အထောက်အထားအချက်အလက် များနှင့်တကွ တင်ပြတိုင်ကြားထားသည်။

" ဆရာတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုမျိုးကို ဆရာတော်က ဘယ်တုန်းကမှ မလုပ်ဘူး၊ အခုလည်း မလုပ်ဘူး၊ NLD ပါတီ စတင်တည် ထောင်စဉ်ကတည်းက ဆရာတော်က NLD ပါတီ ကို ထောက်ခံတဲ့ဆရာတော်၊ စစ်အာဏာရှင်စနစ်ကို လက်မခံတဲ့ဆရာတော်၊ တရားဥပဒေစိုးမိုးရေးကို အစဉ်တစိုက်ဆောင်ရွက်ခဲ့တဲ့ဆရာတော်၊ NLD အမတ်တွေက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရတော့ အဲဒါတွေ ဗီနိုင်းထုတ်ပြီး သူ့ကျောင်း မှာ ဂုဏ်ပြုထားတယ်၊ အခု ၂၀၁၆ မတ်လ ၃၁ ရက် မှာလည်း ပြည်သူ့အစိုးရသစ်ကြိုဆိုပွဲ အနုပညာပွဲ တော်ဆိုပြီး ပန်းသီးတို့ဘာတို့တွေခေါ်ပြီးတော့ ငွေ ကုန်ကြေးကျခံ သူဆောင်ရွက်တယ်" ဟု မကွေး ကျောင်းဆရာတော် ဦးပါမောက္ခ အမှုကူညီဆောင် ရွက်သူများအဖွဲ့မှ ဦးအောင်မြိုင်က ပြောသည်။

တိုင်ကြားစာကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက် နေ့ကလည်း နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတအပါအဝင် ပြည်ထောင်စု တရား သူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်များသို့ ပေးပို့ ခဲ့သော်လည်း တစုံတရာအကြောင်းပြန်ကြားခြင်း မရှိခဲ့၍ ယခု ဇန်နဝါရီလ ၈ ရက်နေ့တွင် ထပ်မံ ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်ဦးပါမောက္ခသည် ပုဒ်မ ၁၉ အတွက် ထောင်ဒဏ် ၁ လ ချမှတ်ခံရသည်မှာ ၁ လ ပြည့်၍ ပြန်လည်လွတ်မြောက်ပြီဖြစ်သော်လည်း ပုဒ်မ ၅၀၅ (ခ) အတွက် ဆက်လက် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

ဆရာတော်ဦးပါမောက္ခ၏အမှုကို လာမည့် ဇန်နဝါရီ လ ၁၇ ရက်နေ့တွင် ရန်ကုန်၊ ကမာရွတ်မြို့နယ် တရားရုံးတွင် ထပ်မံရုံးထုတ်စစ်ဆေးသွားမည် ဖြစ်သည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က အမေရိကန်သံရုံး ရှေ့တွင် ခွင့်ပြုချက် မရှိဘဲဆန္ဒပြမှုအတွက် ရဟန်း ၃ ပါးနှင့် လူ ၄ ဦးကို အမှုဖွင့်ခဲ့သည်။ ယင်းနောက် ရဟန်း ၃ ပါး ဖြစ်သော ဦးပါမောက္ခ၊ ဦးသုစိတ္တနှင့် ဦးပညာဝံသ တို့ကို တရားရုံးသို့ အစစ်ဆေးခံရန် မလာ ရောက်ခဲ့ကြသည့်အတွက် ဖမ်းဝရမ်း ထုတ်ပြန်ထားခဲ့သည်။

ဆရာတော်ဦးပါမောက္ခသည် ဖမ်းဝရမ်းထုတ်ခံထား ရစဉ် နိုဝင်ဘာလ ၁၂ ရက်က ဒဂုံမြို့သစ်မြောက် ပိုင်း၊ မြို့မရဲစခန်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၈ ရပ်ကွက်ရှိ အခွန်လွတ်ဈေးမြေနေရာကိစ္စ ဆန္ဒဖော် ထုတ်ရန် ခွင့်ပြုချက်လာရောက်တောင်းခံစဉ် လူဝတ်လဲဖမ်းဆီး ခံခဲ့ရသည်။

ထို့နောက် ကမာရွတ်မြို့နယ် တရားရုံးက နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ကို အာမခံမပေးသည့်အတွက် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရကာ ယခုကဲ့သို့ အမှုဆက်လက်ရင်ဆိုင်နေရခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required