မကွေးကျောင်းဆရာတော်အမှု နိုင်ငံတော် အကြီးအကဲများထံ တင်ပြတိုင်ကြားထားခြင်းကိစ္စ သတင်းစာရှင်း

မကွေးကျောင်းဆရာတော်အမှု နိုင်ငံတော် အကြီးအကဲများထံ တင်ပြတိုင်ကြားထားခြင်းကိစ္စ သတင်းစာရှင်း

 

ရန်ကုန် ဇန်နဝါရီ ၁၅ ။            ။ မကွေးကျောင်းဆရာတော်ဦးပါမောက္ခအား တရားစွဲဆိုဖမ်းဆီးစစ်ဆေးနေခြင်းကိစ္စနှင့် ပတ်သက်၍ မကွေးကျောင်းဆရာတော်ဦးပါမောက္ခအမှု ကူညီ ဆောင်ရွက်သူများအဖွဲ့က ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ မြို့တော် ခန်း မအနီး၊ စီးတီးစတားဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ဆရာတော်ဦးပါမောက္ခကို မတရားဖမ်းဆီး၊ ညှင်းပန်းနှိပ်စက်အနိုင်ကျင့်နေသည်ဟု နိုင်ငံတော်အကြီးအကဲများထံသို့ ဇန်နဝါရီလ ၈ ရက်နေ့ က တင်ပြတိုင်ကြားထားခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ယင်းတိုင်ကြားစာကို မကွေးကျောင်းဆရာတော် ဦးပါမောက္ခအား ဝန်းရံသူ ရဟန်းရှင်လူ ၁၉၂ ဦးက စုပေါင်း လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအဝင် သက်ဆိုင်ရာဋ္ဌာန ၁၅ ခုနှင့် သတင်းမီဒီယာဋ္ဌာနများသို့ ပေးပို့ခဲ့သည်။

ဆရာတော်ဦးပါမောက္ခသည် ပုဒ်မ ၁၉ အတွက် ထောင်ဒဏ် ၁ လ ချမှတ်ခံရသည်မှာ ၁ လ ပြည့်၍ ပြန်လည်လွတ်မြောက်ပြီဖြစ်သော်လည်း ပုဒ်မ ၅၀၅ (ခ) အတွက် ဆက်လက်အမှုရင်ဆိုင်   နေရခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က အမေရိကန်သံရုံး ရှေ့တွင် ခွင့်ပြုချက် မရှိဘဲဆန္ဒပြမှုအတွက် ရဟန်း ၃ ပါးနှင့် လူ ၄ ဦးကို အမှုဖွင့်ခဲ့သည်။ ယင်းနောက် ရဟန်း ၃ ပါး ဖြစ်သော ဦးပါမောက္ခ၊ ဦးသုစိတ္တနှင့် ဦးပညာဝံသ တို့ကို တရားရုံးသို့ အစစ်ဆေးခံရန် မလာ ရောက်ခဲ့ကြသည့်အတွက် ဖမ်းဝရမ်း ထုတ်ပြန်ထားခဲ့သည်။

ဆရာတော်ဦးပါမောက္ခသည် ဖမ်းဝရမ်းထုတ်ခံထား ရစဉ် နိုဝင်ဘာလ ၁၂ ရက်က ဒဂုံမြို့သစ်မြောက် ပိုင်း၊ မြို့မရဲစခန်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၈ ရပ်ကွက်ရှိ အခွန်လွတ်ဈေးမြေနေရာကိစ္စ ဆန္ဒဖော် ထုတ်ရန် ခွင့်ပြုချက်လာရောက်တောင်းခံစဉ် လူဝတ်လဲဖမ်းဆီး ခံခဲ့ရသည်။

ထို့နောက် ကမာရွတ်မြို့နယ် တရားရုံးက နိုင်ငံတော်အကြည်အညိုပျက် စေမှု ပုဒ်မ ၅၀၅ (ခ)ကို အာမခံမပေးသည့်အတွက် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရကာ ယခုကဲ့သို့ အမှုဆက်လက် ရင်ဆိုင်နေရခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly