မီးလောင်နစ်မြုပ်သွားခဲ့သည့် ရေနံတင်သင်္ဘောပေါ်ပါ အမှုထမ်း ၃၂ ဦးစလုံး သေဆုံးသွားပြီဟု အီရန် ပြော

မီးလောင်နစ်မြုပ်သွားခဲ့သည့် ရေနံတင်သင်္ဘောပေါ်ပါ အမှုထမ်း ၃၂ ဦးစလုံး သေဆုံးသွားပြီဟု အီရန် ပြော

ဇန်နဝါရီ ၁၅ ။           ။ ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်က အရှေ့တရုတ်ပင်လယ်ပြင်အတွင်း ကုန်တင်သင်္ဘောတစ်စင်းနှင့် တိုက်မိပြီး သီတင်းပတ်တစ်ခုကျော်ကြာ  မီးစွဲလောင်နေခဲ့သည့် အီရန် ရေနံတင်သင်္ဘောမှာ ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်က လုံ့၀ နစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။

ယင်းအတွက်ကြောင့် အဆိုပါ ရေနံတင်သင်္ဘောတွင် လိုက်ပါသွားသည့် အမှုထမ်း ၃၂ ဦး အတွက် အသက်ရှင်လွတ်မြောက်နိုင်မည့် မျှော်လင့်ချက်များလည်း ဆုံးခန်းတိုင်သွားခဲ့ပြီဖြစ်ကြောင်း အီရန် တာဝန်ရှိသူတစ်ဦးက ပြောကြားသွားသည်။

ရေနံစိမ်းတန်ချိန်ပေါင်း ၁၃၆,၀၀၀ တင်ဆောင်ကာ ထွက်ခွာခုတ်မောင်းလာခဲ့သည့် အီရန်ရေနံတင်သင်္ဘော Sanchi သည် ဇန်နဝါရီ ၆ ရက်က ဟောင်ကောင် မှတ်ပုံတင်ထားသည့် ကုန်သင်္ဘောတစ်စင်းနှင့် တိုက်မိခဲ့ရာမှ ရက်အတန်ငယ်ကြာ မီးစွဲလောင်နေခဲ့ခြင်း ဖြစ်သည်။ Sanchi သင်္ဘောသည် တောင်ကိုရီးယားသို့ ဦးတည်ခုတ်မောင်းသွားခဲ့ပြီး ယခုဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ယင်း ရေနံတင်သင်္ဘောပေါ်တွင် အီရန်နိုင်ငံသား အယောက် ၃၀ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးတို့ လိုက်ပါသွားခဲ့ပြီး ယခုအခါ ၎င်းတို့အားလုံးမှာ သင်္ဘောမီးလောင်ပေါက်ကွဲမှုနှင့် အဆိပ်ငွေ့များထွက်ရှိမှုတို့ကြောင့် သေဆုံးသွားရန် သေချာသလောက်ဖြစ်သွားပြီဖြစ်ကြောင်း အီရန် ကယ်ဆယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် မိုဟာမက် ရက်စတက်ဒ်က ပြောသည်။

ယခုလက်ရှိအချိန်ထိ ရုပ်အလောင်း သုံးလောင်းသာ ပြန်လည်ရှာဖွေထားနိုင်သေးသည်။

" ကျွန်တော်တို့ ဒီသင်္ဘောမှာ လောင်နေခဲ့တဲ့မီးကို ငြှိမ်းသတ်ဖို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး၊ ပေါက်ကွဲမှုတွေက ဆက်တိုက်ဖြစ်နေခဲ့ပြီး ဓာတ်ငွေ့ယိုစိမ့်မှုတွေကြောင့်လည်း ကျွန်တော်တို့ရဲ့ ကြိုးစားခဲ့သမျှ အချည်းနှီးဖြစ်ခဲ့ရပါတယ်" ဟု ရက်စတက်ဒ်က ပြောသွားသည်။

ယင်းအပြင် ပြီးခဲ့သည့် ရက်ပိုင်းက တရုတ် ကယ်ဆယ်ရေးတပ်ဖွဲ့များက ယင်း ရေနံတင်သင်္ဘောမှ ဘလက်ဘောက်စ်ကို ရှာတွေ့ထားခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။

ရေနံတင်သင်္ဘော မီးလောင်မှုကြောင့် အနီးအနား ရေပြင်တွင် ရေနံယိုဖိတ်မှုများ ရှိခဲ့သော်လည်း အခြေအနေမှာ သဘာဝကပ်ဘေးကျရောက်နိုင်လောက်သည့်အထိ စိုးရိမ်ဖွယ်ရာမရှိကြောင်း တရုတ်အာဏာပိုင်တို့က ပြောကြားထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required