တူရကီ လေယာဉ်တစ်စင်း ဆင်းသက်စဉ် ပြေးလမ်းချော်ပြီး ပင်လယ်ထဲသို့ ထိုးကျလုနီးပါး ဖြစ်ခဲ့

တူရကီ လေယာဉ်တစ်စင်း ဆင်းသက်စဉ် ပြေးလမ်းချော်ပြီး ပင်လယ်ထဲသို့ ထိုးကျလုနီးပါး ဖြစ်ခဲ့

 

ဇန်နဝါရီ ၁၅ ။                          ။ တူရကီလေကြောင်းလိုင်းတစ်ခုမှ ခရီးသည်တင်လေယာဉ်တစ်စင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်က ဆင်းသက်စဉ် ပြေးလမ်းချော်ကာ ပင်လယ်ထဲသို့ ကျလုကျခင်နီးပါး ဖြစ်ခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တူရကီလေကြောင်းလိုင်းတစ်လိုင်းဖြစ်သည့် Pegasus Airlines မှ လေယာဉ်တစ်စင်းသည် ယင်းနေ့က နိုင်ငံမြောက်ပိုင်း လေဆိပ်တစ်ခုသို့ ဆင်းသက်စဉ် ပြေးလမ်းချော်ပြီး ပင်လယ်အနီး   တောင်စောင်းတစ်ခု၌ လျှောကျရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။ လေယာဉ်သည် ယင်းတောင်စောင်း အောက်ရှိ ပင်လယ်တွင်းသို့ မရောက်မီ မီတာအနည်းငယ်အကွာတွင် ကံကောင်းထောက်မစွာ ရပ်တန့်သွားခဲ့သည်ကို ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည့် ရုပ်ပုံများထဲတွင် တွေ့ခဲ့ရသည်။

သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည့် ပုံရိပ်များထဲတွင် ယင်းလေယာဉ်သည် ပင်လယ်နက် အနီး တောင်စောင်း ဆင်ခြေလျှောတစ်ခုတွင် ရှိနေသည်ကို အသဲယားဖွယ် တွေ့မြင်ရမည်ဖြစ်သည်။ လေယာဉ်ဘီးများသည်လည်း ရွှံ့ညွန်များထဲတွင် နစ်မြုပ်သွားခဲ့သည်။

အဆိုပါ လေယာဉ်သည် မြို့တော် အန်ကာရာမှ ချောချောမွေ့မွေ့ ထွက်ခွာပျံသန်းလာခဲ့ပြီး နိုင်ငံမြောက်ပိုင်း ထရပ်ဇွန်မြို့ လေဆိပ်သို့ ဆင်းသက်စဉ် ယခုကဲ့သို့ ပြေးလမ်းချော်မှုဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် ကံကောင်းထောက်မစွာဖြင့် လေယာဉ်ပေါ်ပါရှိသူ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိပေ။

အဆိုပါ ပြေးလမ်းချော်ကာ တောင်စောင်း ဆင်ခြေလျှောသို့ ရောက်သွားသည့် လေယာဉ်ပေါ်တွင် ခရီးသည် ၁၆၂ ဦး၊ ပိုင်းလော့နှစ်ဦး၊ လေယာဉ်အမှုထမ်း လေးဦးတို့ လိုက်ပါလာခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့သူမရှိကြောင်း Pegasus Airlines က ထုတ်ပြန်သွားသည်။

ယခုကဲ့သို့ လေယာဉ်ပြေးလမ်းချော်သွားရသည့် အကြောင်းရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အာဏာပိုင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required