ဝန်ကြီးချုပ်ရွေးချယ်မည့် ဧရာတိုင်းလွှတ်တော် အထူးအစည်းအဝေး ရွှေ့ဆိုင်း

ဝန်ကြီးချုပ်ရွေးချယ်မည့် ဧရာတိုင်းလွှတ်တော် အထူးအစည်းအဝေး ရွှေ့ဆိုင်း

 

ဧရာဝတီတိုင်း တိုင်းဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတစ်ဦး နုတ်ထွက်ပြီးနောက် တိုင်းလွှတ်တော် အထူးအရေးပေါ်အစည်းအဝေးကို ဇန်နဝါရီ ၁၅ ရက်တွင် ခေါ်ယူခဲ့ပြီး လွှတ်တော်အမတ်များ အစည်းအဝေးခန်းမအတွင်း ရောက်ရှိနေရာယူပြီးနောက် အစီအစဉ်များ မစတင်မီ အထူးအစည်းအဝေးကို ရက်ရွှေ့လိုက်ကြောင်း အခမ်းအနားမှူးက ကြေငြာခဲ့သည်။

"ကျွန်တော်တို့ဆီ နိုင်ငံတော် သမ္မတဆီက စာပို့လာတာမရှိဘူး အခုလည်း မှန်းပြီးတော့ ရက်ကို ပြန်ရွှေ့လိုက်တာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ကပြောသည်။

အထူးအစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက်သို့ ရွှေ့ဆိုင်းခဲ့သည်။ သို့သော် လွှတ်တော် အစည်းအဝေး ရွှေ့ဆိုင်းရခြင်း၏ အကြောင်းအချက်ကိုမူ ပြောဆိုခဲ့ခြင်းမရှိပါ။

“ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အား ဇန်နဝါရီလ၁၈ရက်နေ့သို့ ပြောင်းရွှေ့ထားပြီး ဝန်ကြီးချုပ် အဲဒါကတော့ ရက်ပိုင်းထဲကို ပြည်ထောင်စုက တက်လာမှာပေါ့၊ ဝန်ကြီးချုပ် အပြောင်းအလဲတက်လာလို့ လွှတ်တော်ကို အရေးပေါ်ခေါ်ရတာပေါ့၊ ပြည်ထောင်စု ဆက်စပ်တဲ့ကိစ္စကို ဝန်ကြီးချုပ်လောင်းစာရင်းကို နိုင်ငံတော်သမ္မတက ပေးပို့တာမရှိသေးပါဘူး”ဟု ဦးအောင်ကျော်ခိုင်က ပြောသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က)တို့ပါ ပြဋ္ဌာန်းချက်များအရ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကို ယင်း၏ သဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ကို သမ္မတက ခွင့်ပြုပြီးဖြစ်သည်။

မန်းဂျောနီ၏ အရိုက်အရာကို ဆက်ခံမည့်သူနှင့် ပတ်သက်၍ “အလုပ်လုပ်မယ်သူကိုပဲ မျှော်လင့်တယ်၊ ဌာနဆိုင်ရာတွေကို အကောင်းဆုံး ဦးဆောင်နိုင်သူဖြစ်ဖို့တော့လိုတယ်၊ ကိုယ်စားလှယ်ထဲကထက် အစိုးရအဖွဲ့ကထဲလူဆို ပိုသင့်တော်တယ် အုပ်ချုပ်ရေး အတွေ့အကြုံလည်း ရှိပြီးသားမှာ ဖြစ်ရင် ပိုသင့်တော်မယ်၊ အခု အစိုးရအဖွဲ့မှာတော့ ဒေါက်တာလှမြတ်သွေးဆို ပိုသင့်တော်မယ် ”ဟု ပုသိမ်မြို့ခံ ကိုဝေလုက မဇ္ဈိမသို့ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဘဟိန်းကို ယင်း၏ သဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီလ၁၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required