အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ ဆီးချိုရောဂါဖြင့် ထောင်တွင်း ကွယ်လွန်၊ နေ့ချင်းသဂြိုလ်မည်

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ ဆီးချိုရောဂါဖြင့် ထောင်တွင်း ကွယ်လွန်၊ နေ့ချင်းသဂြိုလ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၄ရက် ။           ။ လွန်ခဲ့သည့် တစ်လခန့်က အပြစ်ဒဏ်ချမှတ်ခံခဲ့ရသော အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာသည် ဆီးချို ရောဂါဖြင့် ဇန်နဝါရီလ ၁၄ ရက် မနက်ပိုင်းတွင် ထောင်တွင်း၌ ကွယ်လွန်ခဲ့ပြီး နေ့ချင်းသဂြိုလ်သွားမည်ဟု သိရသည်။

လက်ရှိအချိန်တွင် ရေဝေးသုသာန်၌ ၎င်း၏အလောင်းအား ထုံးတမ်းစဉ်လာအရ ယနေ့ ညနေ ၃ နာရီခွဲအချိန်၌ နေ့ချင်းသဂြိုလ်သွားမည်ဟု မြန်မာနိုင်ငံဘာသာပေါင်းစုံ လူငယ်များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဥက္ကဋ္ဌ ကိုရှိုင်းဝင်းက ဆိုသည်။

"သူက ထောင်ထဲမှာ ဆေးရုံတော့ တင်ထားရတာပဲဗျ၊ ထောင်ဆေးရုံထဲမှာလေ၊ ဆီးချိုလည်း တအားတက်တာ လည်း ရှိနေတော့လေ ။ အဲဒီဟာနဲ့ပဲ အစကတည်းက ကျန်းမာရေးကမကောင်းတာ ကျန်းမာရေးမကောင်းရာက သူ ဆုံးသွားတယ်ပေါ့"ဟု ကိုရှိုင်းဝင်းက ပြောသည်။

အင်းဝအပ်ချုပ်ဆိုင် အိမ်အကူမိန်းကလေး ၂ ဦး နှိပ်စက်ခံရသော အမှုအား ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ အပြီးသတ် အမိန့်ချခဲ့ပြီး အင်းဝအပ်ချုပ်ဆိုင်မှ ဒေါ်တင်သူဇာနှင့် စုမွန်လတ် ၁၆ နှစ်နှင့် တစ်လ  အသီးသီး ပြစ်ဒဏ် ချမှတ်ခဲ့ကာ ရာဇာထွန်း ၁၃ နှစ်နှင့် ၁လ၊ တင်မင်းလတ် ၉ နှစ်နှင့် ၁ လ အသီးသီးချမှတ်ခဲ့၍ သီရိလတ် နှင့် ဦးကိုလတ် တို့ လွတ်မြောက်ခဲ့သည်။

ဒေါ်တင်သူဇာနှင့် စုမွန်လတ်အား လူကုန်ကူး ပုဒ်မ ၂၄ဖြင့် ၁ဝ နှစ်၊ လူကုန်ကူး ပုဒ်မ ၂၉ ဖြင့် ၁ဝ နှစ်၊ စုစုပေါင်း တပေါင်းတည်း ၁ဝ နှစ်၊ ကလေးသူငယ် ၆၆(ဃ) ၁နှစ်၊ ရာဇသတ်ကြီး ၃၂၅- ၅ နှစ်၊ ရာဇသတ်ကြီး ၃၄၁- ၁လ၊ စုစုပေါင်း ၁၆ နှစ် ၁လ ဖြင့် လည်းကောင်း၊ ရာဇာထွန်းအား လူကုန်ကူး ပုဒ်မ ၂၄/၃၂ ဖြင့် ၇ နှစ်၊ ကလေးသူငယ် ပုဒ်မ ၆၆(ဃ) ဖြင့် ၁နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၅ဖြင့်  ၅ နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၃၄၁ ဖြင့် ၁လ၊ စုစုပေါင်း ၁၃ နှစ် ၁လဖြင့် လည်းကောင်း၊ တင်မင်းလတ်အား လူကုန်ကူးပုဒ်မ  ၂၄/၃၂ ဖြင့် ၇ နှစ်၊ ကလေးသူငယ် ပုဒ်မ ၆၆(ဃ) ဖြင့် ၁နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၃ဖြင့်  ၁ နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၃၄၁ဖြင့် ၁လ၊ စုစုပေါင်း ၉ နှစ် ၁လ ဖြင့် လည်းကောင်း ၊ သီရိလတ်နှင့် ဦးကိုလတ်အား ကျင့် (၂၅၈)၁ အရ အပြီးအပြတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် အသက် ၅၉ နှစ်အရွယ် ဒေါ်တင်သူဇာ ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ရက်နေ့၌ ထောင်ဒဏ် ၁၆နှစ် ၁လ ချမှတ်ခဲ့ပြီး တစ်လခန့်အကြာ ထောင်တွင်း၌ ဆုံးပါးခဲ့ခြင်းဖြစ်သည်။

ကျူးလွန်ခံရသူများမှာ ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်း၀ အပ်ချုပ်ဆိုင်တွင်  ဆယ်ကျော်သက် အိမ်အကူ မိန်းကလေး နှစ်ဦးဖြစ်သည့် ၁၇ နှစ်နှင့် ၁၆ နှစ်အရွယ် မစန်းကေခိုင်၊ မသဇင်တို့ ဖြစ်ပြီး မစန်းကေခိုင်တွင် လက်ချောင်း ဆယ်ချောင်းကျိုးသည့် ဒဏ်ရာများ၊ ညာလက်မောင်းရိုးကျိုးဒဏ်ရာ၊  လည်ပင်းတွင် ကတ်ကြေးဖြင့် ထိုးထားသည့် ဒဏ်ရာ၊ အရေပြားပေါ်တွင် မီးရှို့ခံရသည့် ဒဏ်ရာများ ရရှိနေပြီး  မသဇင်၏ နှာခေါင်းပေါ်ရှိ အစင်းလိုက်ရှိနေသော ဒဏ်ရာသည် ဓားဖြင့် ခုတ်ထားခြင်း ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်မှ ၆ ဦးအနက် ၄ ဦးဖြစ်သော ဒေါ်တင်သူဇာ၊ ဦးတင်မင်းလတ်၊ ကိုရာဇာထွန်းနှင့် မစုမွန်လတ် တို့ကို ကလေးသူငယ်ပုဒ်မ ၆၆(ဃ) ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်တွင် ကျောက်တံတားရဲစခန်း၌ စတင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly